Home
မြန်မာသတင်း
ပခုက္ကူ၊ ကမ္မ၊ နတ်တလင်းနှင့် ဆွာတို့တွင် စစ်သားများတိုက်ခိုက်ခံရပြီး ၃၀ ကျော်သေဆုံး
DVB
·
April 20, 2024
Bago War_20042024
YayTarShay PDF_20042024

မကွေးတိုင်း၊ ပခုက္ကူ၊ ကမ္မနဲ့ ပဲခူးတိုင်း၊ နတ်တလင်း၊ ဆွာမြို့တို့မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး အယောက် ၃၀ ကျော် သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော် ၄ ယောက်လည်း ကျဆုံးတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဧပြီ ၁၉ ရက်နေ့က ကမ္မမြို့မှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မျက်မြင်အရ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ Kamma Under Ground P.D.F (ကမ္မ-တပစ) ရဲ့ တာဝန်ခံ ကိုချမ်းကြီးက ပြောပါတယ်။

“မနေ့က ၁၉ ရက်နေ့ မနက်ပိုင်း ချင်းပြည်နယ်ကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးယာဉ်ကို ကမ္မအထွက် စကျင်းကုန်းထိပ်မှာ မိုင်းပွိုင့် ၁ ပွိုင့်ဆွဲပြီး တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို Kamma Under Ground P.D.F (ကမ္မ တ.ပ.စ)၊ Pakokku People Defnse Force၊ Black Cobra (pakokku)၊ MRDF(Myaing)၊ Six Senses Guerrilla Force၊ People Defense Force-Kamma (ကမ္မ တပစ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း ဧပြီ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်သားတွေကို ညောင်ဂျစ်ပင်ရွာနဲ့ ကန်တော်ရွာကြားအရောက်မှာ မိုင်းပွိုင့် ၂ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၂ ယောက် နေရာမှာတင်သေဆုံးပြီး ကျန်တဲ့စစ်သားတချို့လည်း ဒဏ်ရာတွေရရခဲ့ကြတယ်လို့ မြိုင်ပကဖ တာဝန်ခံက ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ မြိုင်-ပကဖ၊ Black Cobra၊ PKU Thurein၊ DMG ဓါးမင်းကြီးအဖွဲ့၊ ပခုက္ကူ ခရိုင် တပ်ခွဲ ၁၀ နဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီ ၁၈ ရက်နေ့ မွန်းလွဲပိုင်းကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပျဉ်ပုံရွာက စစ်ကောင်စီဗိုလ်တယောက်ကို မကျီးပင်ရွာအောင်သုခဆီ လိုက်ပို့ပြီးပြန်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ်(၁) တပ်ရင်း - ၃၈၀၁ တပ်ခွဲ (၂) PHOENIX D F ဆီက သိရပါတယ်။

စစ်သား ၉ ယောက် ဆိုင်ကယ်နဲ့ ပြန်လာတုန်း တိုက်ခိုက်တာဖြစ်ပြီး ပြည်သူတွေရဲ့ ဆိုင်ကယ်တွေလည်း မလှမ်းမကမ်းမှာ ပါလာတာကြောင့် မြန်မြန်မိုင်းဆွဲလိုက်ရလို့ စစ်သားတွေ ဒဏ်ရာရရုံပဲ ဖြစ်ခဲ့တယ်လို့ PHONEIX DF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဧပြီ ၁၇ ရက်နေ့ကတော့ ရေတာရှည်မြို့နယ်၊ မြောင်းတူးကျေးရွာက တဆင့် ဆွာရွာမကြီးကျေးရွာနဲ့ ကျိတ်ပုတီး၊ ခင်တန်းကျေးရွာဘက်ကို စစ်ကြောင်းထိုး၀င်ရောက်လာတဲ့ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တရက်တည်း ၂ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ကျော်လောက် သေဆုံး၊ အများအပြား ဒဏ်ရာရပြီး သေဆုံး ဒဏ်ရာရသူတွေကို ကား ၂ စင်းနဲ့ ပြန်သယ်သွားခဲ့တယ်လို့ ပုဝါနီစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့လည်း တနေကုန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် စစ်ကြောင်းနဲ့ ၃၅၀၁ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်က ရဲဘော်ရဲရင့်သူ(ပုဝါနီစစ်ကြောင်း)၊ ရဲဘော်ဆိုလာ(ကီးကူစစ်ကြောင်း)၊ ရဲဘော်သရဲ(နပတ) ၉၀၁ နဲ့ ရဲဘော်ဇိုးလေး (နပတ) ၉၀၁ တပ်ခွဲမှူး  တို့ ၄ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မြေပြင်သတင်းတွေအရ စစ်ကောင်စီဘက်က သေဆုံးသူ အယောက် ၅၀ လောက်ရှိနိုင်ပြီး ညပိုင်းမှာ ဖောကားတစ်စီးနဲ့ သေဆုံး ဒဏ်ရာရသူတွေကို ထပ်သယ်သွားသလို တချို့အလောင်းတွေကိုတော့ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းမှာ မြေမြှုပ်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013