ဒေါ်နယ်ထရမ့်ပ် တရားရင်ဆိုင်နေတဲ့ နယူးယောက်က တရားရုံးရှေ့မှာ ဧပြီ ၁၉ ရက်နေ့က လူတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီးဆန္ဒပြခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အဲဒီပုဂ္ဂိုလ်ဟာ လက်ကမ်းစာစောင်တွေ ဖြန့်ကြဲပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဆီလောင်း မီးရှို့ခဲ့တာဖြစ်ပြီး သူ့ရည်ရွယ်ချက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါပုဂ္ဂိုလ်ဟာ အသက် ၃၇ နှစ်အရွယ် မက်စ်ဝဲလ် အက်ဇာရယ်လို ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကမှ ဖလော်ရီဒါကနေ နယူးယောက်ကို ရောက်လာတာလို့ ဆိုပါတယ်။
အဲဒီအမျိုးသားဟာ မီးမရှို့မီမှာ ဘိုင်ဒင်နဲ့ ထရမ့်ပ်က ပေါင်းကြံနေတာ၊ ဖက်ဆစ်တွေက အာဏာသိမ်းတော့မှာ ဆိုတဲ့ စာသားတွေ ရေးထားတဲ့ ကတ်ပြားကို ထောင်ပြပြီး ဆန္ဒပြခဲ့တယ်လို့ဆိုပါတယ်။
“မကောင်းဆိုးရွား ဘီလျံနာတွေ” လို့ ရည်ညွှန်းထားတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ကြဲချခဲ့ပြီး “အဂတိလိုက်စားမှုကြီးကို ဖော်ထုတ်ကြ” လို့ လူထုကို တိုက်တွန်းထားတဲ့ စာတွေ အဲဒီထဲမှာ ရေးထားတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဒီအမျိုးသားဟာ လျှို့ဝှက်ပူပေါင်းကြံစည်မှု (conspiracy theory) တွေကို ယုံကြည်ပြီး ဒါတွေကို ဝါဒဖြန့်ဖို့ ကြိုးစားတာလို့ သုံးသပ်ပါတယ်။
Source/Photo - Reuters