Home
မြန်မာသတင်း
ပူတာအိုတွင် စက်သုံးဆီ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများ မြင့်တက်
DVB
·
April 20, 2024
PutaO Oil_20042024

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်း တလကျော်အကြာ ပိတ်ထားတဲ့အတွက် ပူတာအိုမြို့မှာ စက်သုံးဆီ ပြတ်လပ်နေပြီး အခြေခံစားသောက်ကုန်‌ဈေးနှုန်း အဆမတန် မြင့်တက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပူတာအိုမြို့နယ်မှာ စက်သုံးဆီ ပြတ်လပ်နေတဲ့အတွက် ကျေးရွာတွေက ပူတာအိုဈေးကို လာရောက်ရောင်းချတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း အရင်ထက် ဈေးနှုန်းပိုမိုမြင့်တက်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ဆိုင်ကယ်အတွက် စက်သုံးဆီက ဈေးအဆမတန် မြင့်သွားတယ်။ ဒေသထွက် သီးနှံတွေ ရောင်းချဖို့ ရွာကနေ ပူတာအိုဈေးကို သွားဖို့ဆိုရင် အရင်ကထက် ဆိုင်ကယ်ဆီဖိုး ပိုကုန်တယ်။ ပူတာအိုမှာက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ဆိုင်ကြီးတွေမှာ ဓာတ်ဆီမရတော့ဘူး။ ခွက်ချင်နဲ့ရောင်းတဲ့ ဆိုင်လေးတွေမှာပဲ ဈေးကြီးကြီးနဲ့ ဝယ်နေရတယ်” လို့ ပြောပါတယ်။

ပူတာအိုမြို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက စက်သုံးဆီပြတ်လပ်တဲ့အတွက် စက်သုံးဆီဆိုင်ကြီးတွေ ပိတ်ထားပြီး လမ်းဘေး ခွက်ချင်ဆိုင်တွေမှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၁၀,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိ ရောင်းချနေကြပါတယ်။

လမ်းပိတ်ဆို့မှုကြောင့် စက်သုံးဆီ ပြတ်လပ်နေတဲ့အပြင် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်တပြည် ၁၀,၀၀၀ ကျပ်၊ ကြက်ဥတလုံး ၃,၀၀၀ ကျပ်နဲ့ ဒေသထွက်စိုက်ခင်းတွေက သီးနှံတွေ အရင်ထက် ဈေး ၃ ဆခန့် မြင့်တက်သွားပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ မြစ်ကြီးနား-ပူတာအိုလမ်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မတ် ၉ ရက်ကစတင်ကာ နှစ်ဖက်အဖွဲ့အစည်းက ယာဉ်သွားလာခွင့် ပိတ်လိုက်တဲ့အတွက် ပူတာအိုမြို့ကို ကုန်စည်စီးဆင်းမှု မရှိတော့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013