Home
မြန်မာသတင်း
ဆိုင်ကယ်မှောက် သေဆုံးသည့် ကလေးကို PDF များသတ်ဖြတ်ဟု စစ်ကောင်စီ ထောက်ခံသူများ သတင်းမှားဖြန့်
DVB
·
April 20, 2024
Kid DiedCass Mon_20042024

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လုံကျေးရွာမှာ ဆိုင်ကယ်မှောက်ပြီး ကလေးငယ်တယောက် သေဆုံးခဲ့တာကို မွန် PDF တွေက ပစ်သတ်‌ခဲ့တာကြောင့်လို့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ သတင်းမှားဖြန့်နေတယ်လို့ ဒေသခံ‌တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

မုဒုံမြို့နယ်၊ နိုင်လုံကျေးရွာမှာ ဧပြီ ၁၈ ရက်နေ့ ည ၈ နာရီလောက်က နိုင်လုံကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဇနီးနဲ့သား ဆိုင်ကယ်တိမ်းမှောက်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ နိုင်လုံကျေးရွာအုပ်ချုပ်ရေးမှူး နိုင်မွန်စောကို မွန် PDF တွေက သေနတ်နဲ့ လာရောက်ပစ်ခတ်ပေမယ့် ဖခင်ဖြစ်သူကို မထိဘဲ သားဖြစ်သူ မင်းသက်နွန်ကို ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သတင်းမှားတွေ ဖြန့်နေတယ်လို့ နိုင်လုံရွာသားတဦးက ပြောပါတယ်။

“ကလေးက ဆိုင်ကယ်မှောက်တဲ့အချိန် ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး ဆုံးတာပါ။ အဲဒါကို စစ်ကောင်စီချန်နယ်တွေက ဝါဒဖြန့်နေသလို ဒေသတွင်းသတင်းပေ့ချ် တချို့ကလည်း တင်နေလို့ ဖခင်အတွက်ရော၊ သေသွားတဲ့ကလေးအတွက်ပါ ဘယ်လိုမှ မကောင်းဘူး။ ကျနော်တို့ကိုယ်တိုင် အသုဘပို့ပြီးပြန်လာတာ။ သူ့အမေက ရတနာမွန်ဆေးခန်းမှာ ဆေးကုသမှုခံယူနေပေမယ့် ကလေးအသုဘတော့ လာသွားတယ်” လို့ ပြောပါတယ်။

ကလေးငယ် ဆိုင်ကယ်မှောက်ပြီး သေဆုံးတာကို မွန် PDF တွေ သတ်တယ်ဆိုပြီး ဝါဒဖြန့်နေတာဟာ ပြည်သူနဲ့ PDF တွေကြား သွေးကွဲအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ရေးပကဖ တာဝန်ခံ ဗိုလ်ရန်နိုင်ငံက ပြောပါတယ်။

“ဒီဟာတွေက သူတို့ လုပ်နေကျအရာတွေပဲ။ ပြည်သူတွေ PDF တွေကို အထင်အမြင်မှားအောင် လုပ်နေကြတာ။ ပြည်သူတွေကလည်း သူတို့ပြောတာကို ယုံမှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

မုဒုံမြို့၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့တို့မှာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သွားမယ်လို့ ကြေညာချိန်ကစလို့ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြား စစ်ရေးတင်းမာနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013