Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်မှုထမ်းစာရင်းကောက်နေသည့် ရာအိမ်မှူး ပစ်သတ်ခံရ၊ စစ်သားများ ဗုံးကြဲခံရ
DVB
·
April 20, 2024
DroneBomb Kyaik Hto_20042024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ စစ်မှုထမ်းဖို့ စာရင်းကောက်နေတဲ့ ရာအိမ်မှူးတယောက် ဧပြီ ၁၈ ရက်မှာ ပစ်သတ်ခံခဲ့ရပြီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။

လူငယ်တွေကို စစ်မှုထမ်းဖို့စာရင်းကောက်နေတဲ့ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ငပိစိလမ်းမှာနေတဲ့ ရာအိမ်မှူး အောင်ကျော်ကို ဧပြီ ၁၈ ရက် မနက် ၆ နာရီကျော်က သူပိုင်တဲ့ဆိုင်မှာပဲ PDF တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အသက် ၄၀ အရွယ် ရာအိမ်မှူး အောင်ကျော်ဟာ ရပ်ကွက်အတွင်း စစ်မှုထမ်းဖို့ စာရင်းကောက်နေတဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်မှုထမ်းတာနဲ့ပတ်သက်ပြီး စာရွက်တွေ လိုက်ကမ်းနေတယ်လို့ မြောက်ပိုင်းရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“လမ်းထိပ်မှာရှိတဲ့ သူ့ရဲ့ဆိုင်မှာ နံပြားနဲ့ ပလာတာ လုပ်နေတဲ့အချိန်မှာ သေနတ်နဲ့ လာပစ်သွားတာ။ သူက ရာအိမ်မှူးဆိုပေမဲ့ ပထမတုန်းက ဘာမှသိပ်မလုပ်ဘူး။ စစ်မှုထမ်းဆင့်ခေါ်တဲ့ အချိန်ကစပြီး သူက စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်ခေါ်တယ်။ ငပိစိကတောင် ပထမအသုတ်မှာ ၃ ယောက် ခေါ်သွားတယ်။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်‌ကတောင် ရပ်ကွက်ထဲမှာ စစ်မှုထမ်းတာနဲ့ပတ်သက်ပြီး စာရွက်တွေ လိုက်ကမ်းနေတယ်”

သေဆုံးသွားတဲ့ ရာအိမ်မှူး ကိုအောင်ကျော်ကို လူမှုကူညီရေးအသင်းတခုက ကျိုက်ထို ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

ရာအိမ်မှူး ကိုအောင်ကျော်ကို PDF တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄၊ UG အဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ မတ် ၂၄ ရက်ကလည်း စစ်မှုထမ်းစာရင်း ကောက်ခံနေတဲ့ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးကို PDF တွေက ပစ်သတ်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF) က ဧပြီ ၁၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။

စစ်ကောင်စီအင်အား ၂၀ လောက်စီနဲ့ တပ်စွဲထားတဲ့ အင်္ဂဘိုကျေးရွာ‌က အင်္ဂဘိုတာဝါတိုင်၊ ရှော်နီကုန်းနဲ့ လက်ပံပင်သင်္ချိုင်းကုန်းတို့ကို ဧပြီ ၁၆ ရက်‌ မွန်းလွဲ ၁ နာရီလောက်မှာ ဒရုန်ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

KRF ပြန်ကြားရေးတာဝန်ခံက “အင်အား ၂၀ လောက်စီရှိတဲ့ အင်္ဂဘိုတာဝါတိုင်ကို ဗုံးသီး ၁ လုံး၊ ရှော်နီကုန်းကို ဗုံးသီး ၁ လုံး နဲ့ လက်ပံပင်သင်္ချိုင်းကုန်းကို ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တယ်။ ပစ်မှတ်ကိုထိတဲ့အတွက် ထိခိုက်မှုက များတယ်ဆိုပေမယ့် သေချာမသိသေးဘူး။ စစ်တပ်ဘက်က သတင်းမထွက်‌အောင်ဖုံးဖိထားတယ်။ စစ်ကောင်စီဘက်က ပြန်ပစ်ပေမယ့် ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ပြည်သူ့ရင်ခွင်ကိုအမြန်ဆုံးခိုလှုံကြဖို့နဲ့ မခိုလှုံရင် အခုထက်ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ကေအဲန်ယူထိန်းချုပ်နယ်မြေက ကျေးရွာတွေဘက်ကို လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီး ရွာနားပတ်ဝန်းကျင်ကို ကျပေမယ့် အရပ်သားနဲ့နေအိမ်တွေ မထိခိုက်ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ KNU/KNLA၊ ခရမ်း PDF နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့်  စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013