Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ စားဝတ်နေရေး ကျပ်တည်းသဖြင့် အမျိုးသမီးများ ဆံပင်ဖြတ်ရောင်း ဖြေရှင်းနေရ
DVB
·
April 20, 2024
Cutting Hair for Living_20042024

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဧရာဝတီတိုင်းက အမျိုးသမီးတချို့ဟာ အမြတ်တနိုးထားတဲ့ ဆံပင်တွေကို ဖြတ်ရောင်းချကာ စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ အလုပ်အကိုင်ရှားပါလာတာ၊ ကုန်ဈေးနှုန်း မြင့်တက်လာတာ၊ လုပ်နေရတဲ့ လုပ်အားခနဲ့ ကုန်ကျငွေ မမျှတတာ၊ အလုပ်အကိုင် အဆင်မပြေမှုတွေကြောင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းလာတဲ့အတွက် အမြတ်တနိုးထားတဲ့ ခေါင်းပေါ်ကဆံပင်တွေကို ဖြတ်ကာ ရောင်းချနေရတယ်လို့ ဟင်္သာတမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ဘယ်သူက လုပ်ချင်ပ့ါမလဲ၊ ဆံပင်ရှည်လာရင် ဖြတ်ပြီး ရောင်းချင်လည်း ရောင်းပြီး ဘုရားကျောင်းတွေမှာ လှူနေကျ။ ဒီအတိုင်းလည်း လှူဖြစ်တယ်၊ အခုက စားဝတ်နေရေးအတွက် တော်တော်ကို အဆင်မပြေဖြစ်လာလို့ ကိုယ့်ခေါင်းပေါ်က ဆံပင်ကို ဖြတ်ရောင်းတာ။ အလုပ်တွေက အဆင်ပြေတဲ့နေ့ကို မရှိဘူး။ ကြံရာမရလို့ နောက်ဆုံးအဆင့် ရောက်နေလို့ လုပ်တာ။”

ဆံပင်ကုန်သည်တွေအနေနဲ့ အရင်က ဆံပင်ကို အမျိုးသမီးတွေက ဖြတ်ရောင်းချဖို့ ဝယ်ယူရခက်ခဲပြီး လက်ရှိ ဆံပင်ရောင်းချသူ များလာကာ ဝယ်ယူသူတွေအနေနဲ့ အခက်အခဲမရှိ ဝယ်ယူရရှိနေတယ်လို့ ပုသိမ်မြို့က ဆံပင်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ကျမတို့က ဝယ်ထားတဲ့ ဆံပင်တွေကို ဆပ်ပြာနဲ့ ရေ စနစ်တကျ သန့်စင်အောင်ဆေးပြီး နေပူလှန်း၊ အတိုအရှည် ဆိုက်ခွဲပြီးတော့ ဆံပင်တွေကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ စတဲ့ ပြည်ပဈေးကွက်နိုင်ငံတွေကို ပိဿာချိန် ဒါမှမဟုတ် ကီလိုနဲ့ ပြန်လည်ရောင်းချတာ။ အရင်က ဆံပင်အကျွတ်တွေလောက်သာ စုပြီး ရောင်းတဲ့သူရှိတာ၊ အခု ဆံပင်ဖြတ် ရောင်းလာကြတယ်။ အခုကျတော့ ဆံပင်ဈေးမေးပြီးတာနဲ့ တန်းရောင်းလာတယ်။ စားဝတ်နေရေးတွေ ခက်ခဲနေတော့ ဆံပင်ကို အမြတ်တနိုး မထားနိုင်တော့ဘူး။”

စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါး ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ယိုယွင်း ကျပ်တည်းလာတာကြောင့် မြန်မာအမျိုးသမီးတွေဟာ နေ့စဉ် ခက်ခဲတဲ့ဘဝတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဆံပင်ကိုပါ ဖြတ်တောက်ရောင်းချနေကြရတာဖြစ်ပြီး စားဝတ်နေရေး ကျပ်တည်းတာကြောင့် ဆံပင်ကို ဖြတ်ရောင်းလိုက်ရပေမဲ့ ဆံဦးဆံဖျား ဖြစ်တာကြောင့် ဝမ်းနည်းမိတယ်လို့ ဒေသခံ အမျိုးသမီးတွေက ဆိုပါတယ်။

ပုသိမ်မြို့ ဆင်ခြေဖုံးရပ်ကွက်တခုမှ အမျိုးသမီးတဦးက “ဆံပတ်ဖြတ်ရတာတော့ ကိုယ့်ဆံပင်ကတော့ ဘယ်စိတ်ကောင်းပါ့မလဲ။ ဒါပေမဲ့ စားဝတ်နေရေး အဆင်မပြေတော့လည်း ဒီလိုပဲ ဖြတ်ပြီးရောင်းရတာပေါ့။ ၂၀,၀၀၀ ရတယ်။ စားကြ သောက်ကြတယ်။ စိတ်ထဲမှာတော့ မကောင်းဘူးပေါ့။ ကိုယ့်ဆံပင်ဖြတ်ရတော့ ဆံဦးဆံဖျားဖြတ်တော့လည်း စိတ်မကောင်းဘူးပေါ့။ မကောင်းတော့လည်း ကိုယ့်မှာ စားဝတ်နေရေး အဆင်မပြေတော့ ဖြတ်လိုက်ရတော့တာပဲ” လို့ ပြောပါတယ်။

အဲဒီ ဆံပင်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေဟာ သူတို့ဝယ်ယူတဲ့ ဆံပင်တွေကို ကျွတ်စ၊ အပွ အရိုင်းနဲ့ အတိုအရှည်ဆိုပြီး ဆိုက်ခွဲကာ လက်ရှိ ဆံပင် ၁၂ လက်မမှ ၃၅ လက်မ အထက်အထိ ဆံပင်တပိဿာကို ငွေကျပ် ၂၅၀,၀၀၀ မှ ၁၈ သိန်းအထိဈေးနဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013