Home
မြန်မာသတင်း
၃ နှစ်ကျော်အတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄,၉၀၀ ထိ မြင့်တက်
DVB
·
April 20, 2024
AAPP_20042024

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၄,၉၀၀ အထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၃၄၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက အယောက် ၈,၉၃၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ယောက်ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦးအပါအဝင် ၁၁၉ ဦးကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ဦး ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၁၉၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

AAPP က ကောက်ယူရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အခုလ ဧပြီ ၁ ရက်ကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၉ ယောက်နဲ့ အမျိုးသား ၁၄ ဦး၊ စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ကာ အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် သေဆုံးသူ ၅ ဦး ပါဝင်ပြီး ရှမ်းပြည်နယ်မှာ ၉ ဦးနဲ့ သေဆုံးမှု အများဆုံးဒေသ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁၇ ဦး၊ စုစုပေါင်း ၂၃ ဦးရှိခဲ့ကာ အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၅ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၉ ဦးနဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့ AAPP က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013