Home
မြန်မာသတင်း
စစ်ကောင်စီက တန်ပြန်ဒရုန်းစစ်ဆင်ရေးလုပ်ရန် ရုရှားဆီက နည်းပညာအကူအညီတောင်း
DVB
·
April 20, 2024
SAC DroneTechnology Help Russia_20042024

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ  စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့အတွက် ရုရှားဆီကနေ ဒရုန်းနည်းပညာ အကူအညီတောင်းထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဧပြီ ၁၁ ရက်မှာ ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးမှာ ရုရှားစစ်တပ်ဆီက အကူအညီတောင်းခဲ့တာလို့ ကက(ကြည်း)ရုံးနဲ့နီးစပ်သူတဦးက  ပြောပါတယ်။

အဲ့အစည်းအဝေးမှာ စစ်တပ်က ရုရှားဆီက ဒရုန်းနည်းပညာအကူအညီတောင်းထားတယ် ဒရုန်းနဲ့ပစ်ခံရတာကြောင့် တပ်က အတော်ထိနေတယ်ပေါ့။ ကူညီပါပေါ့။ အကူအညီပေးတယ်လို့ ကြားပေမဲ့ အခုချိန်ထိ ထူးခြားတာမရှိဘူး။ တပ်က တိုက်ပွဲတိုင်းမှာ သေတာမှ ရေတွက်လို့တောင်မရဘူး ဖြစ်နေတယ်။”

မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ဧပြီလ ၁၁ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကိုယ်တိုင်က စေလွှတ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေကို  ဒရုန်းတန်ပြန်စစ်ဆင်ရေးအတွက် ရုရှားဆီက အကူအညီတောင်းခံခိုင်းပေမယ့် ရုရှား ကူညီပေးတာမရှိဘူးလို့ စစ်ဆင်ရေးမှာပါဝင်တဲ့ အရာရှိတဦးက ပြောပါတယ်။

“စစ်ဦးစီးချုပ်တွေကို ရုရှား လွှတ်တိုင်း အကြမ်းဖက်မှုတွေကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ ခေါင်းဆောင်က အကူအညီတောင်းတယ်။  ရုရှားဘက်က မပေးဘူး ထင်တယ်။ အခုချိန်ထိ တပ်ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခံနေရတယ်။ ဘယ်တော့ အကူအညီပေးမလဲတော့ မသိဘူး။ ဖြုတ်ပစ်လိုက်တဲ့ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတုန်းကလည်း အကူအညီတောင်းတာ မပေးဘူး။”

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်က နေပြည်တော်ရှိ Hilton Hotel မှာ ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးကို စစ်ကောင်စီတပ်မှ  စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့အဖွဲ့ တက်ရောက်ကာ ရုရှားစစ်တပ်မှ စစ်ဦးစီးချုပ်ရုံးအကြီးအကဲများ တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေရဲ့ ဒရုန်းနည်းပညာကြောင့် စစ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်ကြောင့် စစ်ကောင်စီတပ်ထဲမှာ စိုးရိမ်ကြောင့်ကြ ဖြစ်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013