Home
မြန်မာသတင်း
မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် တိုက်ပွဲပြင်းထန်နေ
DVB
·
April 20, 2024
Myawaddy Bridge 2_20042024

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ်  အမှတ် ၂ ချစ်ကြည်ရေးတံတားအနီး ဧပြီ ၁၉ ရက် ညပိုင်းကစတင်ပြီး တပ်ရင်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့  KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တံတားအနီး အခြေပြုတပ်စွဲနေတဲ့ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ တပ်ရင်းက စွန့်ခွာ ထွက်ပြေးလာတဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့  တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာမှာ ထိုင်းနိုင်ငံအတွင်း ကျည်တွေမရောက်အောင် ထိန်းထိန်းသိမ်းသိမ်းသွားနေရတယ်လို့ ကေအန်ယူ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

“သူတို့ လက်ရှိ ဆုတ်သွားတဲ့အနေအထားနဲ့ သူတို့မှာရှိတဲ့ ကျည်အနေအထားနဲ့ ဘယ်လောက်ထိ ခံနိုင်မှာမို့လို့လဲ။  ဒါပေမဲ့ ကျနော်တို့ဘက်က တဖက်နောက်ခြမ်းမှာ ထိုင်းကရှိနေတော့  ကျနော်တို့ပစ်တဲ့ ကျည်က ထိုင်းကို မရောက်အောင် ထိန်းထိန်းသိမ်းသိမ်းသွားနေရတာ ရှိတယ်။”

မြို့ခံတဦးက”ပိတ်ဆို့ခံထားရတဲ့ စကစတွေ တိုက်ခိုက်ခံနေရတယ် ကြားတယ်။ ညကတည်းက တိုက်ပွဲတွေ ဖြစ်နေတာ။ ဒီမနက်တော့ ပိုပြီးအသံတွေ ကြားလာရတယ်။ လက်နက်ကြီး ပစ်သံတွေကော။ စက်လက်သံတွေကော ကြားရတယ်။  မြဝတီမြို့တွင်းဘက်မှာတော့ အေးအေးဆေးဆေးပဲ။ ဒါပေမဲ့ သတိဝိရီယနဲ့ နေနေကြတယ်”လို့ ပြောပါတယ်။

ခလရ ၂၇၅ တပ်ရင်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးပြီး အရှင်ဖမ်းဆီးရမိသူမရှိဘဲ တပ်မမှူးနဲ့အင်းအား ၂၀၀ ​လောက်ဟာ ဧပြီ ၁၉ ရက်ထိ လက်နက်ချ အညံ့ခံတာမရှိတဲ့အပြင် ခံစစ်အနေအထားပြင်ဆင်ပြီး စစ်ကူလာရောက်ပူးပေါင်းတာကို စောင့်ဆိုင်းနေတယ်လို့  တော်လှန်ရေးအင်အားစုတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိအချိန်အထိ သင်္ကန်းညီနောင် ဗျူဟာအပါအဝင် ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခလရ ၂၇၅ တပ်ရင်းတွေကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် ဧပြီ ၁၂ ရက်ကစတင်ပြီး မြဝတီမြို့ကို စစ်ကူပေးဖို့လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကော့ကရိတ်မြို့အနီးမှာ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013