Home
နိုင်ငံတကာ
ဂါဇာတွင် တူမဖြစ်သူအလောင်းကို ပွေ့ဖက်ထားသည့် အမျိုးသမီးပုံ ရိုက်ကူးခဲ့သည့် ရိုက်တာသတင်းထောက် ကမ္ဘာ့သတင်းဓာတ်ပုံဆုရ
DVB
·
April 20, 2024
WorldPressPhotoSalem_20042024

၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့သတင်းဓာတ်ပုံဆု 2024 World Press Photo of the Year ကို ဂါဇာကမ်းမြောင်မှာ ၅ နှစ်အရွယ် တူမဖြစ်သူရဲ့ အလောင်းကို ပွေ့ဖက်ထားတဲ့ ပါလက်စတိုင်း အမျိုးသမီးရဲ့ ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ ရိုက်တာဓာတ်ပုံဆရာ မိုဟာမက် ဆာလမ်က ဆွတ်ခူးသွားပါတယ်။

ဂါဇာတောင်ပိုင်း၊ ခန်ယူနစ်မြို့က နက်ဆာဆေးရုံမှာ ဒီဓာတ်ပုံကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အစ္စရေးက ဗုံးကြဲပြီးနောက် သေဆုံးသွားတဲ့ ဆွေမျိုးသားချင်းတွေရဲ့ အလောင်းတွေကို မိသားစုတွေက နက်ဆာဆေးရုံမှာ လာရှာလေ့ရှိကြပါတယ်။

ဓာတ်ပုံထဲက အမျိုးသမီးဟာ အသက် ၃၆ နှစ်အရွယ် အီနက်စ် အဘူ မာမာ ဆိုသူဖြစ်ပြီး ဆေးရုံရေခဲတိုက်မှာ အဝတ်နဲ့ထုပ်ထားတဲ့ သူ့တူမလေး ဆာလီရဲ့အလောင်းကို ဖက်ပြီး ငိုနေတာ ဖြစ်ပါတယ်။

ဆာလမ်ရဲ့ဓာတ်ပုံဟာ “ဂရုစိုက်မှုနဲ့ လေးစားမှုတို့နဲ့ ဖွဲ့စည်းထားပြီး ပုံဖော်လို့မရနိုင်တဲ့ ဆုံးရှုံးမှုကို တင်စားမှုအရရော ပကတိအရှိတရားအရပါ ဖျတ်ခနဲ ဖော်ပြနိုင်တယ်” လို့ ဂျူရီအဖွဲ့က သုံးသပ်ပါတယ်။

“မိုဟာမက်ဟာ ဒီ WPP ဆုကို နှိမ့်ချစွာနဲ့ လက်ခံပါတယ်။ ဒီပုံဟာ အောင်ပွဲခံစရာပုံ မဟုတ်ပေမဲ့ ဒီလို အသိအမှတ်ပြုခံရတာနဲ့ ကျယ်ပြန့်တဲ့ ပရိသတ်ဆီကို ဖြန့်ဖြူးခွင့်ရတာကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်” လို့ ဆုရသူကိုယ်စား ရိုက်တာရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဆိုင်ရာ ဂလိုဘယ်အယ်ဒီတာ ရစ်ကီရော်ဂျာက ဆုပေးပွဲမှာ ပြောပါတယ်။

ပဋိပက္ခကို သတင်းယူနေတဲ့ ဂျာနယ်လစ်တွေ ကြုံနေရတဲ့ အန္တရာယ်တွေကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ နှစ်စဉ် ဆုချီးမြှင့်ပေးတဲ့ အမ်စတာဒမ်အခြေစိုက် World Press Photo Foundation က ထုတ်ပြန်ပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲကို သတင်းယူရင်း ဂျာနယ်လစ်နဲ့ မီဒီယာလုပ်သား ၉၉ ဦးအထိ သေဆုံးခဲ့ရပြီ ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013