Home
မြန်မာသတင်း
ပေါက်နှင့်ကမ္မတွင် စစ်ယာဥ်တန်း မိုင်းဆွဲခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် စဉ့်ကူးဒေသခံ ၁ ဦး သေဆုံး
DVB
·
April 19, 2024
ArmyAttacked_19042024

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ကနေ ကမ္မမြို့နယ်ဘက်လာတဲ့ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရကာ စစ်ကားတချို့ ပျက်စီးခဲ့တယ်လို့ မြိုင်-ပကဖဆီကနေ သိရပါတယ်။

မြိုင်-ပကဖ တာဝန်ခံတဦးက “ကား ၇၀ လောက် ၁၈ ရက်နေ့မှာ ပေါက်ကနေ ကမ္မဘက်ကို ထွက်လာမယ်ဆိုတာကို ကြိုသတင်းရလို့ စောင့်ပြီး လမ်းမှာ မိုင်းတွေဆင်ထားကြတာ။ မကျည်းသုံးပင်ရွာနဲ့ ကမ္မမြို့ကြားမှာ မိုင်း ၃ ခါဆွဲလိုက်တာ ‌ေ- ၅ ကောင်ထက်မနည်း ဂိန်သွားတယ်။ အများအပြားလည်း ဒဏ်ရာတွေရသွားကြတယ်ဆိုတာ ကနဦး သတင်းရထားတယ်” လို့ ပြောပါတယ်။

ဧပြီ ၁၈ ရက် ညနေ ၄ နာရီခွဲမှာ တနေရာ၊ ၄ နာရီ ၄၀ မှာ တနေရာ၊ ၄ နာရီ ၅၀ မှာ တနေရာ၊ စုစုပေါင်း ၃ နေရာမှာ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကားတွေမိုင်းခွဲခံရတော့ ကျန်တဲ့ စစ်‌ေ-တွေက လမ်းဘေးဝဲယာကို ကသန်းကရမ်း လျှောက်ပစ်နေတာ။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေကတော့ ဘေးမသီရန်မခဘဲ ဌာနေကို ပြန်ရောက်ကြပါပြီ” လို့ မြိုင်-ပကဖ တပ်ရင်း ၁ တာဝန်ခံတဦးက ပြောပါတယ်။

ဧပြီ ၁၈ ရက်၊ ညပိုင်းမှာလည်း ကမ္မရဲစခန်းရှေ့မှာ ရပ်ထားတဲ့ ယာဥ်တန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

KMDF (ကမ္မတပ်ပေါင်းစု) ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မနေ့က ည ၁၂ လောက်မှာ ကမ္မရဲစခန်းရှေ့နားမှာ ရပ်ထားတဲ့ စစ်ယာဥ်တန်းကို ဒရုန်းနဲ့ 2 kg ဗုံးသီး ၇ လုံး ကြဲချ တိုက်ခိုက်လိုက်လို့ စခတွေ သေလိုက်ကြသေးတယ်လို့တော့ သိရတယ်ဗျ။ ဘယ်နှကောင် လစ်သွားလဲတော့ မသိဘူး။ ဒဏ်ရာရတဲ့ကောင်တွေလည်း ရှိတယ်လို့ကြားတယ်။ သတင်းအတိအကျ မရသေးလို့ပါ” လို့ DVB ကို ပြောပါတယ်။

တိုက်ခိုက်မှုတွေကို Leopard Guerrilla Force၊ PDF Kamma (ကမ္မတပ်ပေါင်းစု)၊ ဗိုလ်စနေ အဖွဲ့၊ KMDF (ကမ္မတပ်ပေါင်းစု)၊ Red Giant (RG)၊ မြိုင်-ပကဖ တပ်ရင်း ၁ က တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ စဉ့်ကူးမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ပြည်သူတဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ ရက် ညနေ ၃ နာရီနဲ့ ၅ နာရီလောက်မှာ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ပထမအကြိမ်ပစ်ခတ်တဲ့ လက်နက်ကြီးက ဝက်လက်မြို့နယ် သစ်ဆိပ်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံး၊ အသက် ၆၀ အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ညနေ ၅ နာရီမှာ ပစ်ခတ်တဲ့ လက်နက်ကြီးက စဉ့်ကူးမြို့နယ် ဘုံသာကုန်းရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာခံ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Wetlet Information Network အဖွဲ့မှ ကိုနဂါးလေးက “ပစ်တာက ၂ ကြိမ်ပေါ့နော်၊ သစ်ဆိပ်ရွာကကျတော့ တယောက်ဆုံးပြီး တယောက်က ကျောကုန်းကိုထိတာ ဒဏ်ရာပြင်းတယ်၊ ဘုံသာရွာကျတော့ နွား ၆ ကောင်ထိပြီး ၂ ကောင် သေသွားတယ်။ ဒဏ်ရာရတဲ့သူ ၅ ဦးကတော့ မစိုးရိမ်ရဘူး၊ နေအိမ်တလုံးလည်း ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ထုံးကြီးကျေးရွာ ရဲစခန်းမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ မကြာခဏ လုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013