မွန်ပြည်နယ်၊ မော်လမြိုင် မုပွန်နယ်မြေရဲစခန်းမှာ ဧပြီ ၁၇ ရက် နှစ်ဆန်းတရက်နေ့က ရဲတွေနဲ့ အချုပ်ခန်းဖောက်ပြေးတဲ့ အကျဉ်းသားတွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် ရဲတဦးနဲ့ အချုပ်သားတဦး သေဆုံးခဲ့ပြီး ရဲတဦး ဒဏ်ရာရရှိခဲ့ကာ အချုပ်သား ၂ ဦး သေနတ် ၂ လက်နဲ့ လွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်၊ မုပွန်နယ်မြေရဲစခန်းတွင် ဧပြီ ၁၇ ရက် ညနေ ၃ နာရီက အချုပ်သား ၃ ဦးက အချုပ်ခန်းထဲကို ပစ္စည်းလာပို့တဲ့ ရဲဆီက သေနတ်လုပြီး ထွက်ပြေးဖို့ကြိုးစားတာကြောင့် ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း ဂတ်စာရေးတဦးနဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့ အချုပ်သားတဦး သေဆုံးပြီး ရဲတပ်ကြပ်တဦး ဒဏ်ရာရရှိခဲ့ကာ အချုပ်သား ၂ ဦး သေနတ် ၂ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်ခဲ့သွားခဲ့ပါတယ်။
မော်လမြိုင်မြို့ခံတဦးက “အချုပ်သားတွေကို ရဲကအချုပ်ခန်းတံခါးဖွင့်ပြီး စားစရာ လာပို့တဲ့အချိန်မှာ အချုပ်သား ၃ ဦးက သေနတ်လုပြီးထွက်ပြေးတာ။ အဲ့နားမှာရှိတဲ့ ရဲတွေနဲ့ အပြန်အလှန်ပစ်တာ ဂတ်စာရေးတဦးသေပြီး ရဲတပ်ကြပ်တဦးဒဏ်ရာရတယ်။ အချုပ်သား ၂ ဦးက သေနတ် ၂ လက်ယူပြီးလွတ်သွားပေမယ့် တဦးကတော့ သေသွားတယ်" လို့ ပြောပါတယ်။
အချုပ်ခန်းဖောက်ပြေးတဲ့ အချုပ်သား ၃ ဦးဟာ နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘဲ အခြားအမှူတွေနဲ့ အချုပ်ကျခံနေရတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အချုပ်သား ၂ ဦး ထွက်ပြေးလွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေက မုပွန်ရပ်ကွက်တခုလုံး စစ်ဆေးတင်းကျပ်နေသလို မြို့ဝင်မြို့ထွက်တွေမှာလည်း စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။