Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ စကျင့်သုံးပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ဆက်သွယ်လာသူ  ၂၆၀၀၀ ကျော်ရှိ 
အောင်သူ
·
April 18, 2024
CNDF-Military-Training-3_16042024

စစ်မှုမထမ်းမနေရဥပဒေ စတင်သက်ဝင်ကျင့်သုံးပြီးနောက်  ပြည်သူ့ရင်ခွင်အဖွဲ့ထံကို ဆက်သွယ်လာတဲ့သူ ဦးရေ ၂၆၀၀၀ ကျော်ရှိပြီး အများစုက လက်နက်ကိုင် တိုက်ပွဲဝင်ချင်တဲ့သူတွေ များတယ်လို့  ပြည်သူ့ရင်ခွင်အဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတဝန်းတိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုများနေတဲ့ စစ်ကောင်စီတပ်ဟာ လူအင်အား ပြန်ဖြည့်တင်းဖို့ နအဖစစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာပြီး တပ်သားသစ်တွေ စုဆောင်း စစ်သင်တန်းတွေစပေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်လူရွယ်တွေက ပြည်ပနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ထွက်ခွာနေကြသလို ၂၆၀၀၀ ကျော်ကတော့ ပြည်သူ့ရင်ခွင်အဖွဲ့ထံကို ဆက်သွယ်လာခဲ့ကြပါတယ်။

ဒီအထဲက ၇၅ ရာခိုင်နှုန်းကျော်က တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ပြီး အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တော်လှန်ချင်တယ်လို့ ပြောဆိုကြကာ ကျန် ၂၅ ရာခိုင်နှုန်းကတော့ စစ်မှုထမ်းဆောင်လိုခြင်းမရှိဘဲ လွတ်မြောက်နယ်မြေတခုမှာ ခိုလှုံချင်တဲ့ ဆန္ဒရှိကြတယ်လို့  ပြည်သူ့ရင်ခွင်အဖွဲ့ တာဝန်ရှိသူ ကိုလင်းထက်အောင်က ပြောပါတယ်။

တချို့ကလည်း စစ်ကောင်စီဘက်က အတင်းအကျပ် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့အခါ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာတွေကို အကြံဉာဏ်တောင်းတာတွေ ရှိတယ်လို့လည်း တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို CDM ကုဒ်နံပါတ် ထုတ်ပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုကြောင်း ဆက်သွယ်လာတဲ့သူတွေထဲက ၅ ရာခိုင်နှုန်းနီးပါးဟာ မိဘဖြစ်သူတွေက ဆက်သွယ်လာပြီး သူတို့သားသမီးတွေအတွက် အကြံဉာဏ်တောင်းခံတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ အဲဒီဆက်သွယ်ပြောဆိုတာတဲ့သူတွေထဲက လက်နက်ကိုင်ပြန် တော်လှန်ချင်တဲ့သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ချိတ်ဆက်ပေးနေတယ်လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့သူတွေကတော့ အဲဒီအဖွဲ့တွေကို တိုက်ရိုက်ချိတ်ဆက်ပြီး တော်လှန်ရေးတပ်သားအဖြစ် စစ်မှုထမ်းကြတာရှိတယ်လို့  ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

အလားတူ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံ တပ်ဖွဲ့ဝင်အဖြစ် ဆက်သွယ် ရောက်ရှိလာသူ ဖေဖော်ဝါရီ ၁၀ ရက်မှ ဧပြီ ၁၅ ရက်နေ့အထိ  အယောက်  ၂၀၀ ကျော်ရှိပြီး သူတို့ကို စစ်သင်တန်းတွေ ပို့ချပေးနေတယ်လို့ CNDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်  ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းကို တနိုင်ငံလုံးမှာရှိနေတဲ့ စစ်တပ်ရဲ့ လေ့ကျင့်ရေးကျောင်းတွေမှာ ဧပြီ ၈ ရက်က စပြီး သင်တန်းတွေ ပေးနေပြီလို့ ထုတ်ပြန်ခဲ့ပေမဲ့ တပ်သားသစ်အင်အား ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

စစ်သင်တန်း အပတ်စဉ် ၁ ခုကို သင်တန်းသား အယောက် ၅၀၀၀ ခေါ်ယူမှာဖြစ်ပြီး တနှစ်ကို တပ်သားသစ် အင်အား ၆၀၀၀၀ အထိ စစ်ပညာသင်ပေးဖို့ လျာထားတယ်လို့ စစ်ကောင်စီက  သတင်းထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013