Home
မြန်မာသတင်း
ပြန်လွတ်လာသည့် အကျဉ်းသားများထဲ လွတ်ရက်စေ့ခါနီး နိုင်/ကျဉ်း ၁၀၀ ခန့်သာ ပါဝင်
မင်းညို
·
April 18, 2024
ThaRat-Prison_17042024

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာပေးတဲ့ ၆ ပုံ ၁ ပုံခံစားခွင့်က နိုင်ငံရေးအကျဥ်းသားတွေ မရတဲ့အတွက် လွှတ်ပေးတဲ့ အကျဥ်းသား ၃၀၀၀ ကျော်မှာ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက်သာ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက နှစ်ဆန်း ၁ ရက်နေ့မှာ အကျဥ်း ၃၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အထဲ နိုင်ငံရေးအကျဥ်းသား ၁၀၀ တောင်မပြည့်တဲ့အတွက် ၃ ရာခိုင်နှုန်းလောက်ပဲ လွတ်မြောက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

သာယာ၀တီထောင်မှာတော့ အခုရက်ပိုင်း ဖမ်းဆီးထားတဲ့ မူးယစ်ရမ်းကားအမှုတွေနဲ့ အာဝါဒေးပွဲမှာ ရန်ဖြစ်သူတွေပဲ အများစု ပြန်လွတ်လာကြတယ်လို့ သာယာ၀တီမြို့မှာ နေထိုင်သူတယောက်ဆီကနေ သိရပါတယ်။

ပြည်၊ သာယာ၀တီ၊ ပေါင်းတည်၊ သရက် စတဲ့ထောင် ၄ ထောင်ကနေ လွှတ်ပေးသူ ၁၈၈ ယောက်ရှိပြီး အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဥ်းသား ၁၂ ယောက်ပဲ ပါလာပါတယ်။

အမှန်က ပေါင်းတည်နဲ့ ပြည်ထောင်တွေမှာ လျှော့ရက်နဲ့ လွတ်မယ့်သူတွေ ရှိနေကြပေမဲ့ မလွတ်ကြဘူးလို့ ထောင်တွေရှေ့မှာ သွားရောက်စောင့်နေကြသူတွေက ပြောပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးတယ်ဆိုတဲ့အထဲ နိုင်ငံရေးပုဒ်မတွေဖြစ်တဲ့ မတရားအသင်းအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သောဝတ္တုများအက်ဥပဒေ၊ လက်နက်မှု၊ အကြမ်းဖက်တိုက်ဖျက်ဥပဒေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မတွေအပြင် မုဒိမ်းမှု၊ လူသတ်မှုတွေ လည်းမပါဝင်ဘူးလို့ အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတဦးက ပြောပါတယ်။

“ဆေးမှုတွေ လူသတ်မှုတွေမပါဘဲ အဲတာတွေက အပကျန်တဲ့သူတွေကို ခြောက်ဖို့ တဖို့ပေးတယ်၊ ခြောက်ဖို့ တဖို့ ရဲ့ ဆိုလိုရင်းက ထောင် ၃ နှစ်ကျတဲ့သူဆို ၆ လရမယ်၊ ဆယ်နှစ်ကျတဲ့သူဆိုရင် ၆ ပုံ ပုံရင် တပုံရမယ်ပေါ့၊ သူက အဲဒီလိုမျိုးပေးတာ။ သူလျှော့ရက်နဲ့ ကိုက်တဲ့သူမျိုးဆိုရမယ်။ လျှော့ရက်နဲ့ မကိုက်တဲ့သူမျိုးဆိုရင်တော့ရမှာ မဟုတ်ဘူး၊ ကျနော့်အတွက်ကတော့ မိသားစုနဲ့ပြန်ဆုံတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ မလွတ်တဲ့သူတွေ အတွက်စိတ်မကောင်းဘူး ညီတူမျှတူလေးပေါ့။ လေးဖို့တဖို့ဆိုရင်တောင် လွတ်မယ့်သူတွေ အများကြီးရှိတယ်။ ထောင်ထဲမှာ တရက်နေရရင် တရက်မောပန်းရတယ်။ နာကျင်ရတယ်။ နေ့ရက်တွေက အဆင်မပြေဘူး။ ထောင်ထဲ ကျန်ခဲ့တဲ့သူတွေကတော့ ကျနော်တို့လည်း စိတ်မကောင်းရုံကလွဲလို့ မတတ်နိုင်ပါဘူး။”

အင်းစိန်အကျဉ်းထောင်ထဲက လူဦးရေ ၉၀၀ နီးပါးပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသာပါဝင်ပါတယ်။ ကျန်းမာရေးဆိုးဝါးလို့ ထောင်ပြင်ပဆေးရုံမှာ ဆေးကုသခံထားရတဲ့ နိုင်ငံရေးအကျဉ်းသာတယောက်ရဲ့ မိသားစုဝင်ကတော့ လွတ်ငြိမ်းတိုင်းပါဝင်လာဖို့‌ မျှော်လင့်ကြောင်း ပြောပါတယ်။

“ကျနော်တို့ကတော့ ပါမလားဆိုပြီး မျှော်လင့်တာပေါ့။ ဒါပေမဲ့ မပါဘူးဗျ ၅၂ (က)နဲ့ လေးနှစ်ဆိုတော့ နည်းနည်းလေး လိုသေးတယ်ဆိုတော့မပါ ပါဘူးဗျ။ ကိုကြီးက လွန်ခဲ့တဲ့ လက ကျနော်သွားတွေ့တော့  ညီလေးတဲ့ ကိုကြီးက လာမယ့်နှစ်သင်္ကြန်ကျော်ကျော်လောက်တော့ မှန်းထားတယ်တဲ့။ ကျန်းမာရေးကတော့ ခုနှစ်လလောက် သူဆေးရုံးတက်ပြီးတော့ ခုကောင်းတော့ ကောင်းသွားပြီဗျ။ အရင်ကသူက လူကလည်းပိန်တယ်။ အခု ကျန်းမာရေး ကလည်း ချို့တဲ့သွားတော့ နည်းနည်းလေးပိုပိန်သွားတာပေါ့။ အခုတော့ ထူထူထောင်လေး ပြန်ဖြစ်နေပါတယ်။”

နိုင်ငံရေးအကျပ်အတည်းတွေနဲ့ နိုင်ငံတကာဖိအားတွေလျော့ကျစေဖို့ လွတ်ငြိမ်းခွင့်ပေးတဲ့ စစ်ကောင်စီရဲ့ ကစားကွက်တခုဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)  အလုပ်အမှုဆောင်တဦးက ပြောပါတယ်။

“အရေအတွက်ကတော့ တော်တော်လေးကိုနည်းပါတယ်။ ဒီလိုအချိန် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တယ်ဆိုတာက သူတို့ရဲ့စိတ်စေတနာကြောင့် လွှတ်တာမဟုတ်ဘူး။ သူတို့ ကန့်သတ်ထားတဲ့ ပုဒ်မတွေဆိုတာကလည်း ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အများစုကို စွဲဆိုထားတဲ့ပုဒ်မတွေ ဖြစ်တယ်။ ဒါက စစ်အုပ်စုက လုပ်နေကြဖြစ်တယ် နိုင်ငံတကာဖိအားတွေ များလာတယ်ဆိုရင် ပြည်တွင်းဖိအားတွေ များလာတယ်ဆိုရင် နိုင်ငံတကာကို လှည့်စားချင်တဲ့ အတွက်ကြောင့် ဒီလိုမျိုးနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တယ်ဆိုတာကို သူတို့ နှစ်စဉ် လုပ်တာပဲ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM )ရဲ့ စာရင်းတွေအရကတော့  ရမည်းသင်းထောင်ကနေ ၁၉ ယောက်၊  အင်းစိန်ထောင်က  ၁၈ ယောက်၊ သရက်ထောင်က  ၁၁ ယောက်၊ စစ်တွေထောင်က ၁၀ယောက်၊ ဒိုက်ဦးနဲ့ ဖျာပုံအကျဉ်းထောင်က  ၈ ယောက်၊ မြင်းခြံထောင်က ၆ ယောက် ၊  ပုသိမ်ထောင်က  ၄ ယောက်၊ ကျိုက်မရောနဲ့ မြစ်ကြီးနားက  ၃ယောက်၊ ဂန့်ဂေါ်၊ သာယာဝတီ၊  မိတ္တီလာ အကျဉ်းထောင်တွေက ၂ ယောက် စီ၊ အိုးဘို၊  ပြည်၊ မြိတ်၊ နေပြည်တော်နဲ့ ထားဝယ် ထောင်တွေက ၁ ယောက်စီနဲ့ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၀၁ ယောက်သာပါဝင်တယ်လို့ သိရပါတယ်။

ဧပြီ ၁၇ ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲပစ္စည်းအမှု၊ မတရားသင်းမှု၊ လက်နက်မှု၊ မူးယစ်မှု၊ အကြမ်းဖက်မှု၊ အဂတိမှုနဲ့  သဘာဝဘေးစီမံအမှုတွေကလွဲပြီး တည်ဆဲဥပဒေတခုခုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား/သူတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ကျခံဖို့ကျန်တဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ထိုးပြီး ထုတ်ပြန်ထားပါတယ်။

 မင်းညို/ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013