ဧပြီ ၁၆ ရက်က စတင်ပေါက်ကွဲခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက ရူအန်းမီးတောင်ဟာ ၅ ကြိမ်ဆက် ပေါက်ကွဲခဲ့ပြီးတဲ့နောက် ဧပြီ ၁၈ ရက်မှာ မီးခိုးလုံးတွေ ဆက်မှုတ်နေတာကြောင့် လူထောင်ချီ နေရာရွှေ့ပြောင်းဖို့ ကယ်ဆယ်ရေးတွေက ကြိုးစားနေရပါတယ်။
အနီးအနားက ဆူလာဝေဆီကျွန်း၊ မာနာဒိုမြို့က အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပါ ပိတ်လိုက်ရကာ ဆူနာမီသတိပေးချက်ပါ ထုတ်ပြန်ထားရပါတယ်။
ဧပြီ ၁၇ ရက်နေ့မှာ ရူအန်းမီးတောင်ဟာ လေးကြိမ်တိတိ ပေါက်ကွဲခဲ့ပြီးတဲ့နောက် အဆင့်လေးဆင့်ပါ သတိပေးချက်မှာ အမြင့်ဆုံးအဆင့် သတ်မှတ်ခဲ့ပါတယ်။
အဲဒီနောက် အနားဧရိယာက ဒေသခံ ၁၀၀၀၀ လောက်ကို ဆက်လက်ရွှေ့ပြောင်းပေးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ လူ ၂၀,၀၀၀ လောက်နေတဲ့ တာဂူလန်ဒန်ကျွန်းငယ်လေးက လူတွေကို ဦးစားပေး ရွှေ့ပြောင်းပေးနေရတာ ဖြစ်ပါတယ်။
၂၀၁၈ တုန်းကလည်း တခြားမီးတောင်တခု ပေါက်ရာကနေ မီးတောင်အပိုင်းအစကြီးတွေ သမုဒ္ဒရာထဲ ပဲ့ကျပြီး ဆူနာမီဖြစ်ကာ လူ ၄၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ ဒါကြောင့် မီးတောင် ပေါက်ကွဲမှုကနေ ဆူနာမီ ဖြစ်လာမှာကို အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒေသ ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူ ဂျန်ဒရီ ပန်ဒေါင်က“ မီးတောင်ပေါက်ပြီးတော့ ကျောက်ခဲတွေလိုမျိုး ရွာချလာတော့ လူတွေက လမ်းညွှန်ချက်လည်း မရှိဘဲ ကိုယ့်သဘောနဲ့ ကိုယ် လွတ်မယ့် လမ်းကြောင်းရှာပြီး ပြေးကုန်ကြတယ်”လို့ ပြောပါတယ်။
သူနဲ့ ဝန်ထမ်း ၂၀ ဟာ မီးတောင်အနီး ကမ်းရိုးတန်းတလျှောက်က ဒေသခံတွေကို ရာဘာလှေတွေနဲ့ ကယ်ဆယ်ပေးနေတယ်လို့ ဆိုပါတယ်။
Source/Photo - Reuters