Home
နိုင်ငံတကာ
ကုလအဖွဲ့ဝင်အဖြစ် ပါလက်စတိုင်းလျှောက်ထားမှု မဲခွဲမည်၊ အမေရိကန် ဗီတိုသုံး ကန့်ကွက်နိုင်
DVB
·
April 18, 2024
Palastine_18042024

ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂ တင်းပြည့်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို ဧပြီ ၁၈ ရက်မှာ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အတည်ပြုလိုက်ရင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရာရောက်မှာ ဖြစ်တာကြောင့် အစ္စရေးမဟာမိတ် အမေရိကန်က ဗီတိုအာဏာသုံး ကန့်ကွက်နိုင်ခြေ ရှိပါတယ်။

‘ပါလက်စတိုင်းနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုရန် ထောက်ခံကြောင်း’ ဆုံးဖြတ်ချက် မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက မဲပေး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်အတည်ဖြစ်မှ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ထောက်ခံတဲ့နိုင်ငံ ၃ ပုံ ၂ ပုံရှိရင် အဖွဲ့ဝင်ဖြစ်ခွင့် ရမှာပါ။  လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတည်ဖြစ်ဖို့က ၁၅ မဲမှာ အနည်းဆုံး ၉ မဲ လိုအပ်ပါတယ်။ 

ဒါ့အပြင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ် တနိုင်ငံက ဗီတိုသုံး မကန့်ကွက်ဖို့လည်း လိုပါတယ်။ သံတမန်တွေရဲ့ အဆိုအရတော့ ထောက်ခံတာက ၁၃ နိုင်ငံထိ ရှိနေတဲ့အတွက် အမေရိကန်က ဗီတိုသုံးမှသာ ပျက်ပြယ်မှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်တာကို ထောက်ခံပေမဲ့ တိုက်ရိုက်တွေ့ဆုံညှိနှိုင်းမှုအရသာ ဖြစ်စေချင်ပြီး ကုလသမဂ္ဂကနေတဆင့် မသွားစေချင်ဘူးလို့ ထုတ်ဖော်ထားပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကနေ နှစ်နိုင်ငံ အတူယှဉ်တွဲနေထိုင်တဲ့ အဖြေရအောင် ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်ဒ်က ပြောထားပါတယ်။ 

လက်ရှိမှာ ပါလက်စတိုင်းဟာ အဖွဲ့ဝင် မဟုတ်တဲ့ လေ့လာသူနိုင်ငံအဖြစ်သာ တက်ရောက်ခွင့်ရနေတာပါ။

Source/Photo - REUTERS/Andrew Kelly

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013