ယူကရိန်းသာ ရုရှားနဲ့ စစ်ပွဲမှာ ရှုံးသွားခဲ့ပါက တတိယကမ္ဘာစစ်ဖြစ်လာနိုင်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်အနေနဲ့ နှောင်နှေးနေတဲ့ စစ်ရေးအကူအညီကို အတည်ပြုပေးဖို့လိုတယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒန်းနစ် ရှမီဟယ် က BBC နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံဖိုး စစ်ရေးအကူအညီကို လာမယ့်စနေနေ့မှာ အမေရိကန် လွှတ်တော်က အတည်ပြုပေးမယ်လို့လည်း ဝန်ကြီးချုပ်က မျှော်လင့်ထားပါတယ်။
ဝါရှင်တန်ကို ရောက်နေတဲ့ ယူကရိန်းဝန်ကြီးချုပ် ရှမီဟယ်က “ကျနော်တို့ ဒီပိုက်ဆံကို မနေ့က လိုအပ်တာလည်း မဟုတ်ဘူး၊ မနက်ဖြန်မှ လိုမှာလည်း မဟုတ်ဘူး၊ ဒီကနေ့ကို လိုအပ်နေတာပါ။ ကျနော်တို့ မကာကွယ်နိုင်ရင် ယူကရိန်း ကျမှာပဲ၊ အဲဒီလိုဆိုရင် ကမ္ဘာ့လုံခြုံရေးစနစ်ကြီးလည်း ပျက်စီးသွားလိမ့်မယ်။ ကမ္ဘာကြီးကလည်း လုံခြုံရေးစနစ်သစ်တရပ် လိုအပ်လာလိမ့်မယ်။ ဒါမှမဟုတ် ပဋိပက္ခတွေ အများကြီးဖြစ်လာပြီး၊ ဒီလိုစစ်ပွဲတွေ အများကြီးဖြစ်လာပြီး နောက်ဆုံးကျတော့ တတိယကမ္ဘာစစ်ကြီးကို ဦးတည်လာလိမ့်မယ်” လို့ ပြောပါတယ်။
မနှစ်ကတုန်းကလည်း ရုရှားသာ နိုင်သွားရင် ပိုလန်ကို ဆက်ကျူးကျော်လာနိုင်ပြီး တတိယကမ္ဘာစစ် ဖြစ်သွားနိုင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောပါတယ်။
အမေရိကန်လွှတ်တော်ထဲမှာ ရီပတ်ဘလီကန်ပါတီက လက်ယာယိမ်းအုပ်စုဟာ ယူကရိန်းကို အကူအညီထပ်ပေးဖို့ကို သဘောမတူဖြစ်နေပါတယ်။ အစ္စရေးကို စစ်ရေးအကူအညီ ထပ်ပေးချင်ပေမဲ့ ယူကရိန်းနဲ့ အင်ဒိုပစဖိတ်ဒေသကို ပံ့ပိုးဖို့ ကိစ္စမှာ ညှိမရ ဖြစ်နေတာပါ။
လာမယ့် ဧပြီ ၂၀ ရက်မှာတော့ ဒီစစ်ရေးအကူအညီတွေကို သီးခြားစီခွဲထုတ်ပြီး အမေရိကန် အောက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
Source/Photo - Reuters