Home
နိုင်ငံတကာ
ဂျာမန်နှင့် တရုတ် ခေါင်းဆောင်များ ကုန်သွယ်ရေး၊ နိုင်ငံခြားရေးမူဝါဒ ဆွေးနွေး
DVB
·
April 18, 2024
German Chancellor Olaf Scholz in China

ဂျာမန်အဓိပတိ အော့လော့ဖ်ရွှိုက်ဇ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ် ဝန်ကြီးချုပ်လီချန်တို့နဲ့ ဧပြီ ၁၆ ရက်က တရုတ်မြို့တော် ပေကျင်းမှာ တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ဆွေးနွေးခဲ့ကြပါတယ်။

ရွှိုက်ဇ်ဟာ ဂျာမနီရဲ့ အကြီးဆုံးကုန်သွယ် မိတ်ဖက်ခရီးစဉ်အဖြစ် ပေကျင်းကို  သုံးရက်ကြာခရီး ရောက်နေတာပါ။

ဥရောပသမဂ္ဂက တရုတ်နဲ့ ပတ်သက်လို့"အန္တရာယ် ကင်းရှင်းခြင်း" လို့နာမည်ပေးထားတဲ့ ဗျူဟာမြောက် မှီခိုမှု လျှော့ချရေး အစီအစဉ်ကို ကြိုးပမ်းနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တရုတ်ထုတ်လုပ်သူတွေက သူ့စျေးကွက်ထဲမှာ အမတော်ကြေးရထားတဲ့ ကုန်စည်တွေကို အောက်စျေးနဲ့ စုပြုံသွန်ချ ရောင်းချနေတာမျိုး ရှိမရှိ စုံစမ်းစစ်ဆေးနေလို့ ခက်ခဲတဲ့ အချိန်မှာ ရောက်လာတာလည်း ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေလို အစိမ်းရောင်နည်းပညာသုံး ကုန်စည်တွေကို အလွန်အကျွံထုတ်လုပ် နေတာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ EU ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်ရဲ့  မကျေမနပ်ပြောဆိုချက်တွေကို ရှီက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဘေဂျင်းမြို့တော်မှာ သုံးနာရီကျော်ကြာတွေ့ဆုံခဲ့တဲ့ ရွှိုက်ဇ်နဲ့ ရှီ နှစ်ဦးစလုံးက အာရှနဲ့ ဥရောပရဲ့ အကြီးဆုံးစီးပွားရေး နိုင်ငံတွေကြား စီးပွားရေးဖလှယ်မှု အရှိန်အဟုန်မြှင့်တင်နိုင်မယ့် နယ်ပယ်ကို မီးမောင်းထိုးပြခဲ့ပါတယ်။

ဝန်ကြီးချုပ် လီချန်နဲ့ တွေ့ဆုံချိန်မှာ ဂျာမန်အဓိပတိက ဂျာမန်ကုမ္ပဏီတွေအတွက် စီးပွားရေးအခြေအနေတွေ တိုးတက်စေဖို့၊ တန်းတူညီမျှတဲ့ ဈေးကွက်ရရှိရေး၊ ဉာဏပစ္စည်းဆိုင်ရာ အကာအကွယ်နဲ့ ယုံကြည်စိတ်ချရတဲ့ တရားစီရင်ရေး စနစ်တို့ကို မြှင့်တင်ဖို့ တရုတ်နိုင်ငံကို ဖိအားပေးခဲ့ပါတယ်။

ယူကရိန်းအကျပ်အတည်းအတွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံးပြန်လည် တည်ဆောက်ဖို့နဲ့ ပဋိပက္ခကို ထိန်းမနိုင်သိမ်းမရ မဖြစ်အောင် အင်အားစုအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ တရုတ်သမ္မတက တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားအပေါ် သြဇာပေးဖို့ကိုလည်း ရှီကို တောင်းဆိုခဲ့တယ်လို့လည်း ရွှိုက်ဇ်က ပြောပါတယ်။

ခေါင်းဆောင်နှစ်ဦးစလုံးဟာ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်တာကို ပယ်ချခဲ့တယ်လို့လည်း ပြောပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အတွက် ရေရှည်လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးရဖို့ တခုတည်းသော နည်းလမ်းမှာ နှစ်နိုင်ငံ ဖြေရှင်းချက်ဆိုတဲ့အချက်ကို သူနဲ့ ရှီက သဘောတူခဲ့တယ်လို့လည်း ရွှိုက်ဇ်က ပြောပါတယ်။

Source/Photo - REUTERS/Andreas

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013