Home
မြန်မာသတင်း
ကရင်နီတွင် မြို့များသိမ်းနိုင်ရန် တော်လှန်ရေးတပ်ပေါင်းစုက ကြိုးစားနေ
DVB
·
April 17, 2024
KNDF_17042024

တိုက်ပွဲတွေ ပြင်းထန်နေဆဲ ကရင်နီ (ကယား)ပြည်နယ်မှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက စစ်ကောင်စီစခန်းတွေနဲ့ မြို့တွေကို သိမ်းပိုက်နိုင်ဖို့ ဆက်ပြီး ကြိုးစားနေတယ်လို့ ကရင်နီတပ်မတော် (KA) က ပြောပါတယ်။

ကရင်နီပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်စခန်းတွေ၊ မြို့တွေကို တခုပြီးတခုသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပြီး စစ်ကူမပေးနိုင်တဲ့ စစ်ကောင်စီအနေနဲ့ လေကြောင်းကိုသာ အားကိုးနေရတယ်လို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က DVB ကို ပြောပါတယ်။

ကရင်နီမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာပြီးတဲ့နောက် မယ်စဲ့၊ မော်ချီး၊ ရှားတော၊ ဒီးမော့ဆိုစတဲ့မြို့တွေကို သိမ်းထားနိုင်ပြီး လွိုင်ကော်၊ ဘော်လခဲ၊ ဖားဆောင်းမြို့တွေမှာ ကျန်တော့တဲ့ စစ်စခန်းတွေကိုလည်း ဝိုင်းရံတိုက်ခိုက်နေတာပါ။

စစ်ကောင်စီတပ်တွေဟာ စခန်းအပြင်ထွက်ပြီး မလှုပ်ရှားနိုင်တော့ဘဲ လက်ရှိအခြေအနေဟာ သူတို့အတွက် ကျရှုံးနေပြီလို့ ပြောနိုင်ကြောင်း ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်ကူအင်အားပို့တဲ့အပေါ် မူတည်ပြီး စစ်ရေးပြင်းထန်နိုင်ကာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက စစ်ကောင်စီစခန်းတွေ၊ မြို့တွေကို သိမ်းနိုင်ဖို့ ဆက်ပြီး ကြိုးစားနေတယ်လို့ ဆိုပါတယ်။

KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “အားလုံးပူးပေါင်းပြီး တိုက်နေပါတယ်။ စစ်ရေးအခြေအနေ ပြင်းထန်ဖို့ကတော့ စစ်ကောင်စီအင်အားများရင်တော့ ပြင်းထန်နိုင်တာပေါ့။ အင်အားမများလာတော့လည်း ကျနော်တို့က စခန်းမြို့တခုပြီးတခု သိမ်းသွားဖို့ပဲ ရှိတာပေါ့။ တခြားအပြင်းအထန်တိုက်ဖို့ နေရာမရှိသလောက်ပဲလို့ ပြောလို့ရပါတယ်။ လတ်တလော ဖားဆောင်းမှာရှိတဲ့ ခလရ ၁၃၄ /၁၃၅ က အပြင်ထွက်လှုပ်ရှားတာ မရှိတော့ဘူး။ အင်အားမရှိတော့တဲ့ အခြေအနေရောက်နေပြီလို့ သုံးသပ်ရတယ်။ ဒီးမော့ဆိုတို့လည်း မထွက်နိုင်ဘူး။ လွိုင်ကော်လည်း ထွက်လှုပ်ရှားတာ မရှိနိုင်တော့ဘူး။ အခြေအနေက သူတို့ တော်တော်ကျရှုံးသွားပြီလို့ သုံးသပ်အတည်ပြုလို့ရပါတယ်” လို့ ပြောပါတယ်။ 

ကရင်နီဒေသမှာ လက်ရှိအချိန်မှာတော့ ဖားဆောင်းနဲ့ မိုးဗြဲဒေသတွေမှာ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေကြပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖားဆောင်းအနီးက တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အယောက် ၅၀ ကျော်ကို ကရင်နီတော်လှန်ရေးတပ်တွေက အရှင်ဖမ်းမိခဲ့ပြီး သေနတ်အလက် ၈၀ နီးပါး သိမ်းမိခဲ့ပါတယ်။

မိုးဗြဲမြို့အနီးက စစ်ကောင်စီရဲ့  ခမရ  ၄၂၂ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့  ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က  ပြောပါတယ်။

“ဖမ်းမိတဲ့ စစ်ကောင်စီ ၅၆ ယောက်က ၁၁ ရက်နေ့ကပေါ့။ သူတို့ကထူးချောင်းကနေ ဖားဆောင်းကို စစ်ကူလာတယ်။ ဖားဆောင်းမရောက်ခင် ကျနော်တို့ဖြတ်တိုက်တော့ သူတို့ခံရတယ်။ လက်နက်ချပြီးဖမ်းမိတာ ၅၆ ယောက် သေတာ ၅၃ ယောက်ပါ။ လက်နက်က ၇၈ လက်ရတယ်။ စာရွက်စာတမ်းတွေစက်တွေလည်းပါတယ်။ ကျည်ဆန်တချို့လည်း ရပါတယ်။ မိုးဗြဲမှာက မြို့ထဲမှာမရှိတော့ဘူး။ မိုးဗြဲနားမှာရှိတဲ့ ရေကာတာလုံခြုံရေး ခမရ ၄၂၂ ကတော့ မနေ့တနေ့က တိုက်နေတယ်။ တိုက်ပွဲတော်တော်ပြင်းထန်တယ် ပြောလို့ရတယ်။” 

ကရင်နီနယ်မြေအများစုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့ထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး (ကလလတ) က ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီတပ်တွေကို ပြန်တိုက်ခိုက်ခဲ့သလို ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ KNSO ကလည်း အခုလထဲမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တော့မယ်လို့ ကြေညာထားပါတယ်။ 

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013