ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေဟာ ဖယ်ခုံမြို့နယ်တနေရာမှာ ၃ နှစ်နီးပါးအထိ စစ်ဘေးရှောင်နေကြပြီး စစ်ရှောင်ကာလ ကြာမြင့်လာတဲ့အတွက် စားနပ်ရိက္ခာ နဲ့ ပညာသင်ကြားရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ဘေးရှောင်တဲ့အခါ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် နှစ်နေရာ၊ သုံးနေရာအထိ နေရာရွှေ့ပြောင်းနေရပြီး စီးပွားရေးလုပ်ကိုင်စားသောက်ဖို့ ခက်ခဲတာကြောင့် ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည်နေရတယ်လို့ စစ်ဘေးရှောင် မဟယ်လင်းက ပြောပါတယ်။
နေရပ်ပြန်ပြီး တောင်ယာတွေ၊ လယ်တွေ လုပ်ကိုင်ဖို့အတွက် ခက်ခဲတဲ့အပြင် နွေရာသီကာလမှာ နေ့စားအနေနဲ့ တောင်ယာအငှားလိုက်ဖို့အတွက်လည်း မရှိတာကြောင့် အလှူရှင်တွေကိုပဲ မျှော်နေရတယ်လို့ ဆိုပါတယ်။
အဲ့ဒီအပြင် စစ်ဘေးရှောင်နေရင်း ပညာရေးတပိုင်းတစနဲ့ နေရာရွေ့ပြောင်းတာတွေ၊ စစ်ကောင်စီလေကြောင်းရန်နဲ့ လက်နက်ကြီးရန်တွေကြောင့် ပညာသေချာမသင်ကြားရဘဲ အသက်အရွယ်ကြီးနေပြီး ပညာရေးပိုင်းမှာ နောက်ကျနေတာတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင် မအေးသန္တာစိုးက ပြောပါတယ်။
လက်ရှိအချိန် မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ထားတဲ့အပြင် နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးထားပါတယ်။
နေရပ်ပြန်နေတာမျိုးမဟုတ်ဘဲ နေအိမ်ပြန်ကြည့်တဲ့အချိန်တွေမှာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းတွေကြောင့် စစ်ရှောင်ပြည်သူတချို့ ကိုယ်လက်အင်္ဂါတွေ ထိခိုက်ဆုံးရှုံးခဲ့ရတာတွေ ရှိပါတယ်။
ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းကို မိုးဗြဲမြို့ကနေလာတဲ့ ပြည်သူတွေနေထိုင်တဲ့ စစ်ရှောင်စခန်း ၇ ခုလောက်ရှိပြီး လူဦးရေ ၁၀၀၀ နီးပါရှိကာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အမိုးအကာလိုနေတယ်တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
လင်းအိမ်