Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တလအတွင်း ရိုဟင်ဂျာ ၉၀ ကျော် ဖမ်းဆီးခံရ 
DVB
·
April 17, 2024
Rohingya_17042024

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လ တလအတွင်း ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ အယောက် ၉၀ ကျော် စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ ရိုဟင်ဂျာတွေကို ကူညီပေးနေတဲ့သူတွေဆီက သိရပါတယ်။ 

မတ် ၁ ရက်ကန ၃၁ ရက်အထိ တလအတွင်း ကုန်းလမ်း၊ ရေလမ်းတွေကနေတဆင့် ဧရာဝတီတိုင်းထဲကို ဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၃၄ ဦးနဲ့ အသက် ၁၈ နှစ်အောက် ကလေး ၉ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက “ပြီးခဲ့တဲ့ မတ် တလအတွင်း အဖမ်းခံရတာ အားလုံး အယောက် ၉၀ ကျော်ပါ။ ကလေးတွေလည်း ပါတယ်။ စစ်ကောင်စီတပ်က ကင်းလှည့်နေရင် တွေ့လို့ အဖမ်းခံရတာ များတယ်။ အခုတော့ မိတဲ့နေရာနဲ့ အနီးဆုံးက တပ်စခန်းတွေနဲ့ ရဲစခန်းတွေမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။ 

ရိုဟင်ဂျာတွေကို ကူညီပေးသူ တဦးက “စစ်ကောင်စီတပ်က လက်ရှိ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို ဘယ်ပုဒ်မနဲ့မှ အရေးယူအမှုဖွင့်မထားသေးဘဲ ရဲစခန်း တွေမှာပဲချုပ်နှောင် ထားတယ်လို့သိရတယ်။ဖမ်းမိတဲ့ ရိုဟင်ဂျာအများစုကို စစ်ကောင်စီတပ်က လ.ဝ.က ဥပဒေနဲ့ အမှုဖွင့်ထောင်ချတာများတယ်။ စစ်ကောင်စီလက်ထက်မှာတော့ ရိုဟင်ဂျာတွေအပါအဝင် အကျဉ်းသားတွေ အမှုရင်ဆိုင်နေရသူတွေဟာ ကူညီခွင့် ခုခံချေပခွင့် ဘာမှ မရဘူး။  အဲ့ဒီ ရိုဟင်ဂျာတွေကို မြန်အောင်၊ အိမ်မဲ၊ သာပေါင်းမြို့နယ် ၊ ဝါးခယ်မမြို့နယ်၊ ရွှေသောင်ယံမြို့၊ ကြံခင်းမြို့နယ် စတဲ့မြို့နဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေကဖမ်းဆီးခဲ့တာပါ။ 

ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ဘက်မှ စစ်ရေးမတည်မငြိမ်ဖြစ်နေတာ၊ စစ်မှုထမ်းခိုင်းတာနဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေက ခွဲခြားဆက်ဆံ ဖိနှိပ်ခံရတာတွေကြောင့် ဧရာဝတီတိုင်းထဲ ဝင်လာပြီးအဲဒီကနေတဆင့်  ပြည်ပနိုင်ငံတွေအထိ ထွက်ခွာနိုင်ဖို့ ကြိုးစားလာနေကြတာလို့ ရိုဟင်ဂျာတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ 

Photo - Min Min

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013