ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၉၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၀ ကျော် ပြန်လည်လွတ်မြောက်လာတယ်လို့ ပြန်လွတ်လာသူတွေထံက သိရပါတယ်။
မြန်မာနှစ်သစ် မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၃၀၃ ယောက်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း သာယာဝတီ၊ ပြည်၊ သရက်နဲ့ ပေါင်းတည် အကျဉ်းထောင် ၄ ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး လွတ်မြောက်လာတယ်လို့ အကျဉ်းသား အသိုက်အဝန်းကနေ သိရပါတယ်။
NLDအစိုးရလက်ထက် ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်တို့လည်း လွတ်ငြိမ်းခွင့်နဲ့ ဒီနေ့ ပြန်လွတ်လာပါတယ်။