ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက ဖရဲ၊ ငှက်ပျောခြံတွေ လက်ရှိ လုပ်သားမရှိ၊ စက်သုံးဆီ ဝယ်မရလို့ ထိန်းသိမ်းဖို့ ခက်ခဲနေကြောင်း ဖရဲ၊ ငှက်ပျော တောင်သူတွေဆီက သိရပါတယ်။
“လွယ်ဂျယ်တိုက်ပွဲ စဖြစ်တဲ့ ချိန်ကစလို့ စက်သုံးဆီဝယ်ရခက်ခဲ၊ လမ်းအခက်အခဲ၊ အလုပ်သမားအခက်အခဲ ဖြစ်နေတာ” လို့ တောင်သူ တဦးက ပြောပါတယ်။
စက်သုံးဆီကို အရင်က ရန်ကုန်ကနေ တက်တဲ့ဆီ အလုံအလောက်မရသေးချိန် လွယ်ဂျယ်ဘက်ကကဆင်းတဲ့ ဆီနဲ့အားကိုးနေရချိန် လမ်းပိတ်တော့ အခြေအနေ ပိုဆိုးသွားတာလို့ သူက ပြောပါတယ်။
"ခြံပတ်ဝန်းကျင်တဝိုက် မလုံခြုံလို့ အလုပ်သမားတွေက နေ့စဥ်နဲ့အမျှ ဗန်းမော်ကနေ မန္တလေး၊ အောက်ပိုင်း တိုက်ပွဲနဲ့ဝေးရာဆီ ပြန်ကုန်ကြပြီ။ ခုတလော ဗန်းမော်ကနေ မန္တလေးဘက် ထွက်ပြေး တိမ်းရှောင်ကြတဲ့ စရိတ်ရှိ ငှက်ပျောစိုက်ခြံရှင်တွေ များလွန်းလို့ လေယာဥ်လက်မှတ်တောင် ၂ သိန်းကျော်ကနေ ဆယ်သိန်းကျော် ပေါက်ဈေးရှိသွားတယ်" လို့ ငှက်ပျောခြံရှင်တဦးက ပြောပါတယ်။
စရိတ်ပြတ်နေတဲ့ သေမထူးနေမထူး ခြံရှင် တရုတ်တွေကတော့ လက်ရှိအချိန် မိမိစိုက်ခင်းထဲမှာပဲ ကိုယ်တိုင်ရနိုင်သလောက် အရဲစွန့် ခြံအလုပ်လုပ်နေကြတယ်လို့ သူက ပြောပါတယ်။
စစ်ရေးအခြေအနေတင်းမာနေဆဲ ဖြစ်တာကြောင့် ခြံစိုက်တောင်သူတွေ မြို့ထဲ၊ ရွာထဲ လုံခြုံနိုင်မယ့် နေရာတွေမှာ အိမ်ခန်းတွေ ငှားနေကြရပြီး ခြံကို ဆိုင်ကယ်ကယ်ရီနဲ့ သွားရတာလို့ ဆိုပါတယ်။
"ဗန်းမော် မန်နှောင်ငှက်ပျောခြံ ပြန်ချင်ရင် ဆိုင်ကယ်ကယ်ရီပို့ခ ၁ သိန်းစျေးပေါက်တယ်။"
ကံပိုင်တည် နယ်စပ်ဂိတ်ကနေ ကုန်သွယ်တင်ပို့လို့ ရပေမဲ့ ဗန်းမော်ကနေ တက်သွားရမယ့်လမ်းမှာ လုံခြုံမှု မရှိလို့ ဘယ်သူမှ မသွားရဲသလို လမ်းတွေအများကြီးရှိလည်း တရားဝင် မဖွင့်သလို တရားမဝင်လမ်းကနေ သွားရင်လည်း လေယာဉ် ဗုံးကြဲခံရမှာ ကြောက်တယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။
လွယ်ဂျယ် နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ ငှက်ပျော၊ ဖရဲတွေကို ဗန်းမော်ခရိုင်က မံနှောင်၊ မံပုံ၊ စင်းခန်း၊ ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည်၊ ကချင်ပြည်နယ်စပ် မံနှားလေးကျေးရွာတဝိုက်၊ မဘိမ်းမြို့နယ်၊ ငါးအိုး အနီးတဝိုက်တွေမှာ စိုက်ပျိုးကြတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကစ လွယ်ဂျယ်-ဗန်းမော် ကုန်သွယ်ရာ လမ်းတလျှောက် စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီး တရုတ်ဘက် အဓိက တင်ပို့နေတဲ့ ဖရဲ၊ ငှက်ပျော တောင်သူ၊ လုပ်ငန်းရှင်၊ ကုန်သည်၊ ကားသမားတွေ ဆုံးရှုံးနေကြကာ အခက်အခဲ ကြုံနေကြတယ်လို့ သိရပါတယ်။
Photo - CJ