စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဧပြီ ၁၆ ရက် ၁၀ နာရီခွဲလောက်မှာ မုံရွာအရှေ့ဘက်ကမ်းကနေ စစ်ကောင်စီတပ်က အနောက်ဘက်ကမ်းဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ချင်းတွင်းမြစ်ကမ်းဘေး ကူးတို့ကုန်းကျေးရွာက ပြည်သူတယောက် ဦးခေါင်းကို လက်နက်ကြီးအစမှန် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် ဆန်လင်းကို(ခ)ကိုဂွတို ဖြစ်ပြီး ရေလုပ်ငန်း လုပ်ကိုင်သူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။
လမ်းမှာ သွားလာနေတုန်း လက်နက်ကြီး ထိမှန်တာဖြစ်ပြီး သူ့မှာ ဇနီးနဲ့ ၃ နှစ်သားအရွယ် ကလေးငယ်တဦး ကျန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်တာတော့ မရှိခဲ့ပါဘူး။
ဧပြီ ၁၆ ရက် မွန်းတည့် ၁၂ နာရီလောက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာကို စစ်ကောင်စီတပ်က ဗုံး ၄ လုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီး ဒေသခံတဦးက “သူတို့ ဗုံး ၄ လုံး ကြဲလို့ ရွာအလယ်လမ်းမကြီးဘေးက ဆောက်လုပ်ရေးပစ္စည်း ရောင်းတဲ့ အဆောက်အဦတလုံး ပျက်စီးတယ်။ အဲဒီအိမ်အနီးက အိမ် ၃ လုံးလည်း မီးလောင်တယ်။ ဆောက်လုပ်ရေးပစ္စည်းဆိုင်က ပိုင်ရှင် ၂ ဦးလည်း ကျည်ထိမှန် ဒဏ်ရာရတယ်။ အမည်က ဦးဘိုကြည် အသက် ၇၀ ဝန်းကျင် ဒဏ်ရာပြင်းထန်ရတယ်။ သူ့ညီမ ဒေါ်ခင်ထား အသက် ၅၀ ဝန်းကျင်က မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီက Mi 35 နဲ့ ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ရာမှာ ရွာထဲ တလုံးကျပြီး ရွာရဲ့ တောင်ဘက် လယ်ကွင်းတွေနဲ့ ရွာအနောက်ဘက် လယ်ကွင်းတွေထဲ ၃ လုံး ကျခဲ့တာလို့ သိရပါတယ်။
ညနေ ၃ နာရီခန့်မှာလည်း ကျားတက်ရွာအပေါ်ကနေ ဂျက်ဖိုက်တာနဲ့ ၃ ပတ် ထပ်လာဝဲသွားသေးတယ်လို့ သိရပါတယ်။