Home
မြန်မာသတင်း
နောင်ချို သရက်ကုန်းရွာ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
DVB
·
April 17, 2024
NaungChoThaRatKoneSACFail 1_17042024
NaungChoThaRatKoneSACFail 2_17042024
NaungChoThaRatKoneSACFail 3_17042024
NaungChoThaRatKoneSACFail 4_17042024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ သရက်ကုန်းရွာက စေတီနဲ့ စာသင်ကျောင်းမှာ အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။ 

“ဒီနေ့ဝောာ့ ငြိမ်နေတယ်။ လက်နက်ကြီး ၂ ချက်၊ ၃ ချက်ပဲ ပစ်တယ်။ အိမ်တွေ ဘယ်လောက် ထိခိုက်ပျက်စီးတာတော့ မသိရသေးဘူး။ သိမ်းပြီလို့ သတင်းတော့ တက်တာ တွေ့တယ်။ တိုက်ပွဲတော့ ငြိမ်သွားပြီ။ ဘယ်သူမှဝောာ့ မပြန်ကြသေးဘူး” လို့ သရက်ကုန်းရွာက စစ်ရှောင်နေတဲ့ မိန်းကလေးတဦးက DVB ကို ပြောပါတယ်။ 

ဧပြီ ၁၅ ရက် မနက်အစောပိုင်းကစပြီး ရုတ်တရက် တိုက်ပွဲပြင်းထန်လာလို့ ဒေသခံ ပြည်သူတွေက ဘေးကင်းရာ အနီးအနားရွာတွေဘက် ထွက်ပြေးလာကြရပါတယ်။ တိုက်ပွဲအတွင်း ဦးပဉ္စင်းတပါးနဲ့ ယောက်ျားလေး တဦး သေဆုံးကာ ဒဏ်ရာရသူတွေ ရှိပြီး စစ်ကောင်စီဘက်က လေယာဉ်ဗုံးကြဲလို့ ရွာထဲက နေအိမ်တွေ မီးလောင်နေတာ တွေ့ရပြီး အရေအတွက် အတိအကျ မသိဘူးလို့ သူက ပြောပါတယ်။ 

ဧပြီ ၁၅ ရက်မနက် ၅ နာရီခွဲလောက်က နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီ ၄၅ မိနစ်အချိန် ဝန်းကျင်ခန့်က အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဧပြီ ၁၆ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ 

သရက်ကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့  စစ်ကူစစ်ကြောင်း ၂ ကြောင်းကိုလည်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများလို့ ဆုတ်ခွာသွားကြတယ်လို့ ဖော်ပြထားပါတယ်။ 

အဲဒီ စစ်ကောင်စီ စခန်းက လက်နက်ငယ် အလက် ၄၀ ကျော်၊ ၆၀ မမ ၂ လက်၊ ဒရုန်း Jammer ၁ ခု၊ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိပြီး စစ်ကောင်စီ အလောင်း ၂၁ လောင်းကိုလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှလည်း ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်းလည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီ စစ်ကောင်စီတပ်စခန်းဟာ သရက်ကုန်းရွာထဲမှာ တပ်စွဲထားတာ ၅ လကျော်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013