Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်မှ နေရာပြောင်းရွှေ့
DVB
·
April 17, 2024
Dassk_17042024

စစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကိ အကျဥ်းထောင်ကနေ ခေါ်ထုတ်ကာ နေပြည်တော်ရှိ နေရာတခုမှာ ပြောင်းရွေ့ထားတယ်လို့ ပြည်ထဲရေးနဲ့  နီးစပ်သူတွေဆီက သိရပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ ချုပ်နှောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာ အကျဉ်းကျခံနေရတဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနက အခု ဧပြီလအတွင်း အကျဉ်းထောင်ကနေ ခေါ်ထုတ်ကာ နေရာပြောင်းရွေ့ပေးခဲ့တာဖြစ်တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

"အမေစုကို နေပြည်တော်အချုပ်ထောင်ကနေ သင်္ကြန်မကျခင်ကတည်းက ပြောင်းတယ်။ နောက်ရက်ကျတော့ ဦးဝင်းမြင့်ကို တောင်ငူထောင်ကနေ ပြောင်းပြီး တခြားနေရာမှာထားတယ်။ ဘယ်နေရာမှာထားလဲဆိုတာ ဘယ်သူမှမသိဘူး။”

လတ်တလောမှာ  ရာသီဥတုပူပြင်း အပူချိန်ပြင်းထန်နေတဲ့အတွက် အသက်ကြီး အကျဉ်းသားတွေကို  အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ပေးတာလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ဖြေဆိုထားပါတယ်။

"ရာသီဥတုက အပူချိန်ပြင်းထန်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်မှ မဟုတ်ဘူး။ ကျန်တဲ့ ကျန်းမာရေးအရလိုအပ်တဲ့ အကျဥ်းသားတွေ ပြီးရင် အသက်ကြီးတဲ့ အကျဥ်းသားတွေကို အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုအပ်တဲ့ကာကွယ်မှုတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံကို ပို့ဆောင် အကျယ်ချုပ်ချထားခြင်းမရှိဘဲ နေပြည်တော်ရှိ နေရာတခုမှာ ပြောင်းရွေ့ထားတာဖြစ်တယ်လို့ စစ်တပ်သတင်းအရင်းအမြစ်တဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်းအိမ်ကိုမပို့ဘူး။ နေပြည်တော်က စစ်တပ်က စီစဥ်ထားတဲ့နေရာမှာ ပဲထားတာ။ စစ်ဘက်ဆိုင်ရာနဲ့ အကျဥ်းဦးစီးရယ် ပြည်ထဲရေးပေါင်းပြီး စီစဥ်တာ။ ဦးဝင်းမြင့်ကို ဘယ်မှာထားလဲမသိဘူး။”

မန္တလေးအိုးဘိုထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့  NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ဟာလည်း အခုဧပြီလအတွင်း အပူဒဏ်ကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပြီးနောက် အခု  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ပြောင်းရွေ့ခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ်နဲ့ သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013