စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာ စစ်ကောင်စီဘက်က လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် မြို့တွင်းပိတ်မိနေသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ဖို့ အခုလိုပိတ်ဆို့ထားတာလို့လည်း ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ပါတယ်။
စစ်တွေအပါအဝင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေထဲကနေ အမြန်ဆုံးထွက်ခွာကြဖို့ကို ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် သတိပေး ပြောကြားထားတာပါ။
ဒါပေမဲ့ စစ်ကောင်စီဘက်က ပိတ်ဆို့ထားတာကြောင့် စစ်တွေနဲ့ ကျောက်ဖြူမြို့ပေါ်က ကျန်နေတဲ့လူထုဟာ မြို့တွေကို စွန့်ခွာထွက်ပြေးနိုင်ဖို့ အခက်တွေ့နေကြပါတယ်။
စစ်တွေမြို့ပေါ်မှာလည်း မြို့ခံအများစုက တိမ်းရှောင်သွားကြပြီဖြစ်ပေမဲ့ ၂၀ ရာခိုင်နှုန်းလောက်ကတော့ ကျန်နေသေးတယ်လို့ ဒေသခံတဦးကပြောပါတယ်။
ကျန်ခဲ့တဲ့သူတွေဟာလည်း ငွေကြေးမတတ်နိုင်တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေဖြစ်တာကြောင့် စားဝတ်နေရေးကလည်း ခက်ခဲနေကြတာပါ။
စစ်တွေမြို့ပေါ်မှာ စစ်ကောင်စီဘက်က အခိုင်အမာ စစ်ပြင်နေပြီး လမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့ထားတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အရင်က ရေလမ်းနဲ့ သွားလို့ရပေမဲ့ လက်ရှိမှာတော့ ကုန်းလမ်းရော၊ ရေလမ်းရောကို ပိတ်ဆို့ထား တားဆီးထားတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ လေကြောင်းလမ်းကိုဖွင့်ထားပြီး လေကြောင်းလမ်းကို အသုံးပြုဖို့အတွက် အခြေခံလူတန်းစားတွေဖြစ်တာကြောင့် မတတ်နိုင်ကြဘူးလို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော်ဘက်ကလည်း တိမ်းရှောင်ထားခိုင်းတာကြောင့် စစ်တွေမြို့ဟာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့အခြေကို ရောက်နေပြီလို့လည်း ဆိုပါတယ်။
ကျောက်ဖြူမြို့ပေါ်မှာလည်း ဒေသခံအများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပေမဲ့ မြို့လူဦးရေရဲ့ လေးပုံတပုံလောက် ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကုန်းလမ်းက ပိတ်ဆို့ထားသလို ရေလမ်းကြောင်းကလည်း ဈေးကြီးလွန်းတာကြောင့် ထွက်ဖို့အတွက် မလွယ်ကူဘူးလို့လည်းဆိုပါတယ်။
ကျောက်ဖြူမြို့ပေါ်မှာတော့ စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့ပြင်ကျေးရွာတွေကိုတော့ AA က ထိန်းချုပ်ထားကာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့အခြေအနေဖြစ်တာကြောင့် လူထုက စိုးရိမ်နေကြတယ်လို့လည်း ဒေသခံက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ လုပ်နေကျပုံစံအတိုင်း လူထုကို လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ရည်ရွယ်ဆောင်ရွက်နေတာလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူးကလည်း ဝေဖန်ပါတယ်။
ရခိုင်ပြည်နယ်မှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝ စုစုပေါင်း ၉ မြို့ကို AA အပြီးသတ်သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲတို့ကိုလည်း AA ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ထက်အောင်