မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက မြန်မာကလေးငယ် တဦးကို သတ်ဖြတ်ခဲ့တယ်လို့ မလေးရှားရောက်မြန်မာတွေထံမှ သိရပါတယ်။
ဧပြီ ၁၄ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ကွာလာလမ်ပူမြို့ ပူဒူးရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၈ နှစ်အရွယ် မောင်ပီတာဗျက်ထာကျုံးကို တခန်းထဲနေ အမျိုးသားတဦးက လည်ပင်းညှစ် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ်ကို သတ်ဖြတ်ခဲ့သူ ဟရန်တလိန်းထန်ဟာ ထွက်ပြေးသွားခဲ့ပြီး ဧပြီ ၁၅ ရက် ည ၁၁ နာရီမှာ ကွာလာလမ်ပူမြို့ သူ့ရဲ့ သူငယ်ချင်းနေအိမ်မှာ မလေးရှားရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
မလေးရှားရောက် မြန်မာအမျိုးသား တဦးက “သူတို့က ပူဒူးရပ်ကွက် စင်ကာပူဟိုတယ်အနားမှာ အခန်းစပ်တူနေကြတာ။ သူနဲ့ တခန်းတည်းနေတဲ့ ကလေးငယ်ကို လည်ပင်းညှစ်ပြီးတော့မှ သတ်ဖြတ်သွားတာ၊ သတ်ဖြတ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူး။ သူက ကလေးကို သတ်ပြီးတော့မှ ထွက်ပြေးသွားတာ၊ သူ့သူငယ်ချင်းရဲ့ နေအိမ်မှာ ပြန်အဖမ်းခံလိုက်ရတာ”လို့ ပြောပါတယ်။
သေဆုံးသူ ကလေးမိဘတွေနဲ့ လူသတ်တရားခံတို့ဟာ ချင်းပြည်နယ် ဟားခါးမြို့ကနေ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။