ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ဧပြီ ၁၄ ရက်နဲ့ ၁၅ ရက် (သင်္ကြန်အကျနဲ့ အကြတ်) နေ့တွေမှာ ရေကစားတဲ့သူ နည်းပါးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်းကားဖို့အတွက် ပုသိမ်မြို့မှာပဲ သင်္ကြန်မဏ္ဍပ် ၇ ခုထက်မနည်းဆောက် လုပ်ထားပြီး မအူပင်၊ ဟင်္သာတ၊ မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာ၊ ကျုံပျော် စတဲ့ မြို့ကြီးတွေမှာလည်း သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ထားသလို သင်္ကြန်ပွဲတော်မှာ ရေလာကစားဖို့ လိုက်လံစည်းရုံးတာတွေ ကြိုလုပ်ခဲ့ပေမယ့် သင်္ကြန်ရေကစားသူ မရှိသလောက် နည်းပါးနေတာလို့ ဆိုပါတယ်။
ပုသိမ်မြို့ခံ တယောက်က “ရပ်ကွက်လမ်းတွေမှာသာ ကလေးငယ်တချို့လောက်ပဲ ရေက စားကြတာရှိတယ်။ အရင်နှစ်တွေကဆိုရင် ပုသိမ်မြို့က လမ်းမကြီးလမ်း၊ ရေပေါ်ဈေးကြီးလမ်းနဲ့ ကမ်းနားလမ်းတွေမှာ သင်္ကြန်ရေလောင်းမဏ္ဍပ်ငယ်တွေ များပြားခဲ့ပြီး ရေကစားသူ၊ ရေပက်ခံထွက်တဲ့သူတွေနဲ့ စည်ကားခဲ့တယ်။ ဒီနှစ်တော့ ငုတ်တုတ်မေ့ ခြောက်ကပ်နေတယ်”လို့ ပြောပါတယ်။
အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်နဲ့ လူငယ်တွေကို စစ်ကောင်စီက စစ်မှုထမ်း ဖိအားပေးခေါ် ယူနေတာကြောင့် သင်္ကြန်ပွဲကို စိတ်ဝင်စားမှုလျော့ကျသွားတာကြောင့် ရေကစားသူမရှိ ဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
မအူပင်မြို့ခံတယောက်က “မအူပင်မှာ အရင်က နှစ်စဉ်နှစ်တိုင်း သင်္ကြန်အကြိုရက်မတိုင်ခင် ၁ ရက်အလိုမှာ ကျင်းပလေ့ရှိတဲ့ လူငယ်သင်္ကြန်ပွဲဟာ ဒီနှစ်မှာတော့ ရေပက်ကစားသူ မရှိဘူး။ ဒီမှာက သင်္ကြန်မကျမီ ၁ ရက်အလိုမှာ လူငယ်သင်္ကြန်အဆန်းဆိုတဲ့ သင်္ကြန်ကျင်းပလေ့တဲ့ ဓလေ့တခု ရှိတယ်။ အခုတော့ အဲဒီ ဓလေ့လည်း ပျောက်နေပြီ။ ဒီဘက် လူငယ်တွေက သင်္ကြန်ဆို အရမ်းပျော်တတ်တာပါ။ လူငယ်တွေကို ဖမ်းဆီး ထောင်ချ စစ်မှုထမ်းဖို့ ဖိအားပေး ခေါ်ယူနေတာတွေကြောင့် အပျော်ရက်မရှိဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အရင်အာဏာ မသိမ်းခင်အချိန်ကလို လမ်းလျှောက်သင်္ကြန်ပွဲကို ပြုလုပ်နိုင်တာ မရှိသလို လူငယ်တွေနဲ့ ကလေးတွေလည်း ရေပက်ကစားတာ မရှိဘူးလို့ မြောင်းမြဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ သင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေပေးဖို့ တီးဝိုင်းတွေ လိုက်လံငှားရမ်းနေပေမယ့် လာရောက် တီးခတ်မယ့်သူ မရှိတာကြောင့် တီးဝိုင်းအဖွဲ့တွေကို ဖိအားပေးတာတွေ လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
Photo - ပုသိမ် ဒေသခံများ