Home
မြန်မာသတင်း
အရပ်သား ၁ ဦးကို လောင်းလုံး ပကဖက ပစ်သတ်ခဲ့မှု စုံစမ်းစစ်ရေးအရေးယူပေးရန် တောင်းဆို 
DVB
·
April 16, 2024
LongLone_06122023

တဖက်သတ်စွပ်စွဲခံရတဲ့ အရပ်သားတယောက်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ- လောင်းလုံး) က ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့အပေါ် တရားမျှတမှုရရှိစေရေးအတွက် NUG ဝန်ကြီးဌာနတွေအနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့ ထောက်ပို့အဖွဲ့တွေ အပါအဝင် လောင်းလုံးမြို့နယ်ထဲက တော်လှန်ရေးအင်အားစု ၁၃ ဖွဲ့က ဧပြီ ၁၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့၊ ‌ထောက်ပို့တပ်နဲ့ သပိတ်ကော်မတီတွေအပါအဝင် တော်လှန်ရေး အင်အားစုတွေက သဘောထား ထုတ်ပြန်တောင်းဆိုတာဖြစ်ပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ဦးကြည်လေးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ-လောင်းလုံး)က ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ အင်အားသုံးသွားရောက် ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပကဖ-လောင်းလုံးရဲ့ ထုတ်ပြန်ချက်အရ ဦးကြည်လေးဟာ မီးသတ်တပ်ဖွဲ့ဝင်တယောက်ဖြစ်ပြီး စရဖ အင်ဖော်မာအဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်း၊ စစ်ကောင်စီသတင်းပေးတာနဲ့ စစ်ကောင်စီ ဒေါက်တိုင်အဖြစ် ပေါ်ပေါ်ထင်ထင်လုပ်နေတဲ့အတွက်ကြောင့် သွားရောက်ဖမ်းဆီးတုန်းမှာ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးတာမှာ မတော်တဆ ထိမှန်သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ထားကြောင်း ဆိုပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေက စုံစမ်းရာမှာ မိသားစုဝင်တချို့နဲ့ ပြင်းထိန်ရွာသူရွာသားတွေရဲ့ ထွက်ဆိုချက်အရ ဦးကြည်လေးဟာ လောင်းလုံးမြို့နယ်ရဲစခန်းကို အဝင်အထွက် သွားလာတာတွေရှိတာ မှန်ပေမဲ့ ရွာသားတွေကို ဒုက္ခတစုံတရာမပေးဖူးသလို ရပ်ရွာ သာရေးနားရေးအတွက် စစ်အာဏာမသိမ်းခင်ကတည်းက မြို့နယ်ရဲစခန်းကို ဝင်ထွက်သွားလာခဲ့ဖူးတယ်လို့ ဆိုပါတယ်။

စရဖ အင်ဖော်မာလုပ်တယ်ဆိုတာ မဟုတ်သလို ၂၀၀၉ ခုနှစ်မှာ အရန်မီးသတ် တပ်ဖွဲ့ဝင်တယောက် ဖြစ်ခဲ့ဖူးပြီး စစ်ကောင်စီသတင်းပေး ဒလန်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ လုံးဝမဖြစ်နိုင်ဘူး ဆိုတာကိုလည်း ရွာခံလူငယ်တွေဆီက သိရကြောင်း ထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်နေရာမှာ ရှိတဲ့သူတွေရဲ့ ပြောဆိုချက်အရလည်း PDF ယူနီဖောင်း ဝတ်ဆင်ထားတဲ့ လက်နက်ကိုင် ၁၀ ယောက်လောက်က ဦးကြည်လေးကို ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတုန်းမှာ ထွက်ပြေးပုန်းရှောင်နေတာကြောင့် လိုက်လံရှာဖွေပြီး သေနတ်နဲ့ အနီးကပ်ပစ်သတ်သွားတယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။

အခုလို သံသယနဲ့ တဖက်သတ်စွပ်စွဲခံရသူ အရပ်သားပြည်သူတယောက်ကို လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့က အင်အားသုံး ပစ်ခတ်သတ်ဖြတ်တာဟာ တရားဥပဒေမဲ့ လုပ်ရပ်ဖြစ်သလို NUG က ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာလို့ မှတ်ယူကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဒါကြောင့် ပကဖ-လောင်းလုံးရဲ့ တရားလက်လွတ် ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တော်လှန်ရေး ဂုဏ်သိက္ခာမညှိုးနွမ်းစေရေးနဲ့ မတရားကျူးလွန်ခံရသူ မိသားစုဝင်တွေအတွက် တရားမျှတမှုရရှိစေရေးအတွက် သက်ဆိုင်ရာ NUG ဝန်ကြီးဌာနတွေအနေနဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013