ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးညှင်းမြို့နယ် နန်းမားအမြောက်တပ်က ဧပြီ ၁၄ ရက် ညပိုင်းမှာ မြိုင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ တောင်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “နန်းမား အခြေစိုက် အမြောက်တပ် ၃၆၇ ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ တိုက်ပွဲလည်း မရှိပါဘူး။ မြိုင်နဲ့ ထန်းတပင်ရွာကြား လယ်ကွင်းထဲ လက်နက်ကြီးကျည် ကျတယ်။ အဲဒီမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ တောင်သူနှစ်ယောက် လက်နက်ကြီးကျည်မှန်ပြီး ပွဲချင်းပြီး သေတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သူတွေဟာ မြိုင်ကျေးရွာမှာ နေထိုင်ကြတဲ့ အသက် ၄၀ ကျော်အရွယ် ဦးညိုဝင်းနဲ့ ဦးဇော်တူး တို့နှစ်ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း နန်းမားအခြေစိုက် ၃၆၇ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နန့်ခမ်းကျေးရွာက အမျိုးသမီးတဦး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ်။