Home
မြန်မာသတင်း
ပုသိမ်တွင် သင်္ကြန်လုံခြုံရေးအတွက် တအိမ်ကို ကျပ် ၅၀၀၀ ကောက်နေ 
DVB
·
April 16, 2024
ThinGyanGuard_Pathein_16042024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က စတင်ပြီး သင်္ကြန်လုံခြုံရေးအတွက် အသုံးပြုဖို့ဆိုကာ တအိမ်ကို ငွေကျပ် ၅၀၀၀ အထိ ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုသိမ်မြို့ခံတဦးက “သင်္ကြန်ကာလ လုံခြုံရေးအတွက်ဆိုပြီး ကမ်းနီးကျေးရွာဘက်မှာ ကောက်တာ၊ အမှတ် ၃ ရပ်ကွက်မှာလည်း ကောက်တယ်လို့ အဲဒီဘက်က သူငယ်ချင်းက ပြောတယ်။ တအိမ်ကို ၅၀၀၀ ထည့်ရပါတယ်။ မဖြစ်မနေကို ထည့်ရတာပါ။ နှစ်ဆန်းတရက်နေ့အထိ ထည့်ပေးရမယ် ပြောတာ။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကောက်နေတာ။ အများအတွက် လုပ်တာ၊ မကျေနပ်လည်း ဂရုမစိုက်ဘူးလို့ အုပ်ကြီးတွေက ပြောသေးတာ” လို့ ပြောပါတယ်။

အဲဒီဒေသခံတွေဆီက ကောက်ခံရရှိတဲ့ ထည့်ဝင်ငွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်တပ်ထောက်ခံတဲ့ အမျိုးသားတွေကို တနေ့ ကျပ် ၁၀၀၀၀ ပေးငှားရမ်းပြီး ပြည်သူ့စစ် ယူနီဖောင်းပေးဝတ်ကာ တချို့သင်္ကြန်မဏ္ဍပ်တွေနဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လုံခြုံရေး စောင့်ခိုင်းတာလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက “လုံခြုံရေးထားတာတော့ တွေ့တာပဲ၊ ထားတဲ့လုံခြုံရေးတွေကိုက မူးနေတာ၊ တလွဲတွေချည်းပဲ။ မနေ့ သင်္ကြန်အကြတ်နေ့က လူငယ် နှစ်ဖွဲ့ ရန်ဖြစ်တာ သူတို့ မသိလိုက်ဘူး။ အရပ်သားတွေ အချင်းချင်း ဝိုင်းဖြေရှင်းပေးလိုက်လို့ အဆင်ပြေသွားတာ။ ပိုက်ဆံကတော့ ဘာလုပ်လုပ် အရင်ကောက်တာပဲ” လို့ ပြောပါတယ်။ 

ပုသိမ်မြို့နယ်မှာ သင်္ကြန်ကာလ လုံခြုံရေးအတွက် အသုံးပြုဖို့ဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက တအိမ် ၅၀၀၀ ကောက်တာကို ကျေးရွာတွေဘက်မှာ အများဆုံး ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒါ့အပြင် ပုသိမ်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်တွေ ပေါင်းပြီး သင်္ကြန်မတိုင်မီကလည်း သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ဖို့၊ နေ့စဉ် စတုဒိသာကျွေးဖို့ ဆိုပြီး ငွေကောက်ခံတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

Photo - CJ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013