Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ် ALD ပါတီ ဥက္ကဋ္ဌဟောင်း ဦးထွန်းလွင် ဖမ်းဆီးခံရ
DVB
·
April 16, 2024
UTunLwin ALDParty_16042024

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌဟောင်း ဦးထွန်းလွင်ကို ဧပြီ ၁၄ ရက် မနက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွား​တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဓမ္မသုခလမ်းရှိ ဦးထွန်းလွင်ရဲ့နေအိမ်မှာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ မနက် ၉ နာရီလောက် ကျောက်ဖြူအခြေစိုက် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတာလို့ မြို့နယ် ALD ပါတီဝင်တဦးက ပြောပါတယ်။

“သူ အိမ်မှာရှိနေချိန် ဝင်ဖမ်းသွားတာ။ အိမ်စီးကားအဖြူတစီးနဲ့ တင်ပြီး ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းကို ခေါ်သွားတာ။ အိမ်ထဲမှာလည်း ဝင်မွှေပြီးတော့ ကွန်ပျူတာတလုံးနဲ့ ဦးထွန်းလွင် ကိုင်နေကျ ဖုန်း ၂ လုံးကိုပါ သိမ်းသွားတယ်။” 

သူဟာ ကျောက်ဖြူမြို့နယ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေ မေးမြန်းချက်ကို တခါတရံ ဖြေကြားတာနဲ့ ကျောက်ဖြူလူမှုကွန်ရက်အဖွဲ့ဝင်တဦး ဖြစ်တာကြောင့် လူမှုကွန်ရက် စာမျက်နှာတွေမှာ သရော်စာ၊ သတင်းဆောင်းပါး ရေးသားမှုတွေကြောင့် အခုလို ဖမ်းဆီးခံရတာ ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီတွေအကြား ပြောဆိုနေကြပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ အမတ်နေရာ ၁၁ နေရာထိ အနိုင်ရရှိခဲ့တဲ့ ပါတီတခုဖြစ်ပြီး လက်ရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံ ပြန်မတင်ထားတာကြောင့် ဖျက်သိမ်းခံထားရတဲ့ ပါတီတခုဖြစ်ကြောင်း သိရပါတယ်။

Photo - ALD ပါတီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013