မကွေးတိုင်း ရေစကြိုမြို့ ထွေအုပ်ရုံးရှေ့မှာ ဧပြီ ၁၄ ရက် ညနေက သင်္ကြန်ပွဲ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တဦး သေဆုံးခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေ သိရပါတယ်။
ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ရုံးပေါင်းစုံထွေအုပ်ရုံးရှေ့မှာ သင်္ကြန်ပွဲ ပြုလုပ်ပျော်ပါးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ပြောက်ကျားနည်းဗျူဟာနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက DVB ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား တယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အော်ဟစ်ဆဲဆိုပြီး ရေစကြိုမြို့ ထင်းတန်းရပ်ကွက်နဲ့ နဂါးရုံရပ်ကွက်က နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲနဲ့အတူ YSO-TPG ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မြင်းခြံမြို့နယ် ကန်တောကျေးရွာမှာလည်း MBT တပ်ဖွဲ့က ဧပြီ ၁၀ ရက်မှာ စစ်ကောင်စီတပ်သားတွေကို တိုက်စစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့တယ်လို့ MBT တပ်ဖွဲ့ကနေ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။