ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့ကာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေလည်း အတော်များများ ပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရာရှိတွေက ဧပြီလ ၁၅ ရက်မှာ ပြောပါတယ်။
အနောက်မြောက်ပိုင်း ခိုက်ဘာပက်တွန်ခွာပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေ ပြိုကျခဲ့လို့ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (PDMA)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး တခြားသူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကာ အဲဒီဒေသမှာ အိမ်ခြေ ၈၅ လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အနောက်တောင်ပိုင်း ဘာလိုချီစတန် ပြည်နယ်မှာတော့ လူ ၇ ဦး သေဆုံးခဲ့ရာမှာ လူ ၅ ဦးက မိုးကြိုးထိမှန် သေဆုံးခဲ့တာဖြစ်ပြီး ၂ ဦးက ခေါင်မိုးပြိုကျမှုကြောင့် သေဆုံးခဲ့ကြောင်း ဘာလိုချီစတန်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ကူအက်တာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အလယ်ပိုင်းပန်ဂျပ်ပြည်နယ်မှာ မိုးကြိုးပစ်ခံရမှုကြောင့် ကလေး ၇ ဦး အပါအဝင် လူ ၂၁ ဦး သေဆုံးခဲ့ပြီး တခြားလူ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပန်ဂျပ်ဘီပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (PDMA)က ထုတ်ပြန်ထားပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်က ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဆုံးရှုံးမှုကြုံရတဲ့ ရေဘေးသင့်ဒေသတွေမှ နေရာတိုင်းကို အကူအညီတွေပေးပို့နိုင်အောင် ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်တွေနဲ့ ချက်ချင်းညှိနှိုင်းဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA) ဥက္ကဋ္ဌကို ပြောကြားခဲ့ကြောင်း ပါကစ္စတန်ရဲ့ တရားဝင်သတင်းအေဂျင်စီ APP က ဖော်ပြပါတယ်။
ဒီဒေသမှာ ရေကြီးရေလျှံမှုတွေကြောင့် ငွေရေးကြေးရေးသာမကဘဲ လူအများအပြားလည်း သေဆုံးခဲ့ပြီး တိရစ္ဆာန်တွေလည်း သေဆုံးကာ သီးနှံတွေလည်း ပျက်စီးဆုံးရှုံးခဲ့တာပါ။
ဘေးကင်းတဲ့နေရာတွေဆီ မသွားနိုင်သေးတဲ့သူတွေအတွက် ကယ်ဆယ်ရေးနဲ့ အကူအညီတွေ ပေးဖို့ အစိုးရနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်းလာပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
လာမယ့်ရက်တွေအတွင်း နိုင်ငံရဲ့အနောက်ပိုင်းက အစိတ်အပိုင်းတွေနဲ့ ဘာလိုချီစတန်ရဲ့ အကြီးဆုံးဒေသတွေမှာ မိုးပိုလာမယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ကြိုတင် ခန့်မှန်းထားပါတယ်။
Source/Photo-Reuters