အီရန်ရဲ့ သီတင်းပတ်ကုန် ဒုံးကျည်နဲ့ဒရုန်း တိုက်ခိုက်မှုကို အစ္စရေးက တုံ့ပြန်မှာဖြစ်ပြီး အီရန်ဟာ သူ့လုပ်ရပ်အတွက် အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အစ္စရေးစစ်ဦးစီးချုပ် ဟာဇီ ဟာလယ်ဗီက ဧပြီ ၁၅ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ထိခိုက်မှုတော့ အနည်းငယ်ရှိခဲ့ကြောင်း စစ်ဦးစီးချုပ် ဟာလယ်ဗီက အစ္စရေးတောင်ပိုင်းရှိ နေဗာတင်မ် လေတပ်စခန်းမှာ ပြောကြားသွားကြောင်း အစ္စရေးစစ်တပ်အရ သိရပါတယ်။
အီရန်ဟာ ရာနဲ့ချီတဲ့ မောင်းသူမဲ့လေယာဉ် ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ဧပြီ ၁၃ ရက်နဲ့ ဧပြီ ၁၄ ရက် တနင်္ဂနွေနေ့ကြားမှာ အစ္စရေးဘက်ကို ပစ်လွှတ်ခဲ့ပေမယ့် ၉၉ ရာခိုင်နှုန်းကို အစ္စရေးပိုင်နက်ကို မရောက်ရှိခင်မှာ ကြားဖြတ်ဟန့်တားခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့တိုက်ခိုက်မှုမှာ ဒုံးကျည် ၃၀၀ ကျော်နဲ့ ဒရုန်းတွေ ပါဝင်ပြီး ဧပြီ ၁ ရက်က အီရန်အရာရှိ ၇ ဦး သေဆုံးခဲ့ရတဲ့ ဒမတ်စကတ်ရှိ သူ့ရဲ့သံရုံးဝင်းအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ သူ့ရဲ့မကြုံစဖူး တိုက်ခိုက်မှုဖြစ်ကြောင်း အီရန်နိုင်ငံက ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုဟာ အစ္စရေးအပေါ် အီရန်ရဲ့ ပထမဆုံး တိုက်ရိုက် တိုက်ခိုက်မှုကို ဘယ်လိုတုံ့ပြန်ရမယ် ဆိုတာကို ချိန်ဆဖို့ အတွက် သူ့ရဲ့ စစ်ပွဲကာလအစိုးရအဖွဲ့ကို ၂၄ နာရီအတွင်း ဒုတိယအကြိမ် အစည်းအဝေး ဆင့်ခေါ်ခဲ့ကြောင်း အစိုးရ သတင်းရင်းမြစ်တခုက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အစ္စရေးနဲ့ အီရန်အကြား အတိအလင်း ကြေညာ တိုက်ခိုက်တဲ့ စစ်ပွဲကို သတိထားဖို့နဲ့ အီရန်အပေါ် အစ္စရေးရဲ့ ဘယ်လို တန်ပြန်ထိုးစစ်မှာမဆို အမေရိကန်က ပါဝင်မှာမဟုတ်ကြောင်း နေတန်ယာဟုကို ပြောကြားခဲ့ကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အီရန်ဟာ အစ္စရေးကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်ကို ကြိုတင်အသိမပေးခဲ့ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ဧပြီလ ၁၅ ရက်မှာ ပြောကြားခဲ့ပြီး ဝါရှင်တန်ဟာ တီဟီရန်နဲ့ ပဋိပက္ခဖြစ်ဖို့ မကြိုးပမ်းခဲ့ဘူးလို့ ပင်တဂွန် စာနယ်ဇင်း ရှင်းလင်းရေးအရာရှိ ဗိုလ်ချုပ် ပတ်ရိုက်ဒါက ပြောဆိုပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုကို အစ္စရေးက တုံ့ပြန်ခြင်း ရှိ၊ မရှိကို အစ္စရေးကပဲ ဆွေးနွေးဖို့နဲ့ ဆုံးဖြတ်ရဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ကတော့ ရန်မီး အရှိန်မြင့်လာတာကို မမြင်ချင်ပေမဲ့ ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်သွားမှာ ဖြစ်သလို ပြီးခဲ့တဲ့သီတင်းပတ်ကုန်က သရုပ်ပြခဲ့သလိုမျိုး အစ္စရေးကို ခုခံကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပင်တဂွန်အရာရှိ ဗိုလ်ချုပ် ပတ်ရိုက်ဒါက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters