လီဗာပူးအသင်း ပရိသတ်တွေဟာ လာမယ့်ရာသီအတွက် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီကို ခေါ်ယူခန့်အပ်ဖို့ အသင်းကို တိုက်တွန်းနေကြပါတယ်။
စပိန်နည်းပြအမ်မရီဟာ ဗီလာအသင်းကို ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေမယ့် အဆင့် ၄ နေရာ ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်သူပါ။
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အာဆင်နယ်ကို အနိုင်ယူပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
လက်ရှိနည်းပြ ကလော့ပ်ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်ပြီး လီဗာကူဆင်နည်းပြ အလွန်ဆို၊ စပို့တင်းနည်းပြအာမိုရင်တို့ကို ခေါ်ယူမယ့် အစီအစဉ်ဟာလည်း အဆင်မပြေဖြစ်ခဲ့တာပါ။
လီဗာပူးအသင်းအနေနဲ့ အာမိုရင်နဲ့ ဒီဇာဘီတို့ကို မေ့လိုက်ပြီး အူနိုင်းအမ်မရီကို ခေါ်ယူဖို့ ကြိုးပမ်းသင့်ကြောင်း၊ သူဟာ ထိပ်တန်းအဆင့်နည်းပြဖြစ်ပြီး ကလော့ပ်ထက်လည်း ငယ်ရွယ်သူ ဖြစ်ကြောင်း ပရိသတ်တဦးက ပြောပါတယ်။
နည်းပြအူနိုင်းအမ်မရီက ဆုဖလားတွေ ရယူပေးနိုင်သူဖြစ်ပြီး လီဗာပူးအသင်းအတွက် လိုအပ်တဲ့ နည်းပြဖြစ်ကြောင်းလည်း ပရိသတ်တဦးက ပြောပါတယ်။
အသက် ၅၂ နှစ်ရှိ စပိန်နည်းပြဟာ ပီအက်စ်ဂျီမှာ ဆုဖလားတွေ ရခဲ့သလို ဆီဗီလာနဲ့လည်း ယူရိုပါလိဂ်ချန်ပီယံ သုံးကြိမ် ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အာဆင်နယ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Photo - Reuters/Molly Darlington