Home
မြန်မာသတင်း
ကသာမြို့တွင် သင်္ကြန်မဏ္ဍပ်မရှိ၊ ရေကစားသူနည်းပါး
DVB
·
April 15, 2024
Kathar02_15042024

စစ်ကိုင်းတိုင်း ကသာမြို့မှာ ၂၀၂၄ ခုနှစ်ရဲ့ သင်္ကြန်ကို မဏ္ဍပ်မဆောက်ဘဲ ကလေးငယ်နဲ့ ဆယ်ကျော်သက်ကလေးတွေ ရေကစားသူအနည်းငယ်နဲ့  ဖြတ်သန်းနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သင်္ကြန်မဏ္ဍပ်ဆောက်ခွင့်မပြုလို့ မဆောက်ကြဘူးလို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကတဆင့် သိရပြီး အရင်နှစ်တွေလို မဏ္ဍပ်တခုတလေမရှိဘဲ လူစည်ကားဆုံးဖြစ်ခဲ့တဲ့ ကသာကမ်းနားလမ်း တလျှောက်မှာတောင် ရေပက်တဲ့ကလေးငယ်တွေကလွဲရင် မြို့တွင်းလမ်းတွေပေါ်မှာလည်း ပုံမှန်ရက်တွေလိုပဲ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ခံတဦးက “ရေနီးတဲ့ မြစ်ကမ်းဘေးတလျှောက် ရပ်ကွက်တွေ၊ ရွာတွေမှာပဲ ကလေးတွေ ရေပက်ကစားတာ။ တကူးတက ရေပက်ခံထွက်သူတွေက ခါတိုင်းနှစ်တွေနဲ့စာရင် မပြောစလောက်လေးပဲရှိတာ” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်နှစ်တွေကဆိုရင် နဘား၊ အင်းတော်၊ ဗန်းမောက်နဲ့ ကသာမြို့နယ် အနီးအနားက ရွာတွေက ရေပက်ခံလာတဲ့သူတွေနဲ့ စည်ကားနေတတ်ပေမဲ့ ဒီ ၂၀၂၄ သင်္ကြန်တွင်းမှာတော့ ဘုရားကျောင်းကန်တွေကို အသွားများပြီး မြို့တွင်းတွေမှာလည်း ရေကစားသူတွေက ကလေးငယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေပဲ အိမ်ရှေ့ အိမ်နား ဖြတ်သွားဖြတ်လာတွေကို ​ပက်လောင်း ရေကစားကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

မြို့ခံတဦးက “တရက် ဘုန်းကြီးကျောင်း ၂ ကျောင်းနှုန်းသွားဖို့ လုပ်ထားတယ်။ စိန်ကုန်းကျောင်း၊ တောရကျောင်း၊ ဇေယျာချောင်တောင်ပေါ်ကျောင်း၊ တပ်ဦးကျောင်း၊ မြို့ဦးကျောင်း၊ ဓမ္မပါလ၊ တောင်ပေါ်ကျောင်း၊ ရေဝန်းကျောင်း၊ သက်ပန်းကျောင်း စသဖြင့် နီးရာ နီးရာပေါ့” လို့ ပြောပါတယ်။

သူတော်တောင်လို မြို့ပြင်ကျောင်းတွေဘက်ကျ စစ်ဆေးရေးဂိတ် ဖြတ်ရတာဆိုတော့ လုံခြုံရေးအရ မသွားဖြစ်တော့ဘူးလို့လည်း ဆိုပါတယ်။

လေးထပ်ကျောင်းနဲ့ ဓမ္မပါလကျောင်းကတော့ အအသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေကြပြီး ဘုန်းကြီးကျောင်းတိုင်းနီးပါးမှာ စတုဒီသာအလှူတွေရှိပြီး ဥပုသ်သီလ ဆောက်တည်နေတဲ့သူတွေ ပိုများလာတယ်လို့ မြို့ခံတဦးက ဆိုပါတယ်။

လူလတ်ပိုင်းတွေကျ အိမ်တွေမှာ အေးအေးလူလူပဲ စုဝေးဝိုင်းဖွဲ့ စကားစမြည်ဆိုရင်း လူကြီးတွေအများပိုင်းက ဥပုသ်ယူ ရပ်ကွက်စျေးဆိုင်တွေလည်း ပုံမှန်လိုပဲ ရှိနေကြပါတယ်။

ဒေသခံတဦးက“တုန်းပေါ၊ သဖန်းကိုင်းတွေဘက်ကျ နည်းနည်းကြမ်းမယ်။ သူက မြစ်နားနီးတယ်။ အောက်ပိုင်းက ပြောင်းလာတဲ့သူများတော့ ရိုက်ပွဲတွေဘာတွေ ဖြစ်ဖို့ စိုးရိမ်ရတယ်” လို့လည်း ဆိုပါတယ်။

သင်္ကြန်အကြိုမတိုင်ခင်ည ပစ်ခတ်မှုဖြစ်ခဲ့ပေမဲ့ အကြတ်နေ့ထိ ပေါက်ကွဲသံ ပစ်ခတ်သံ မကြားရသလို ကသာရပ်ကွက်လမ်းတွေက တိတ်ဆိတ်နေပြီး အိမ်ရှေ့ အိမ်နား ထန်းလက် အုန်းလက်လေးတွေ တိုင်မှာကပ်ချည်ပြီး ရေပက်ကစားတာ၊ စတုဒီသာ အလှူငယ်လေးတွေနဲ့ ရိုးရာနှစ်သစ်ကူးပွဲအဖြစ် အလေးအမြတ်ပြုရုံ ဖြတ်သန်းနေကြတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013