Home
မြန်မာသတင်း
မြဝတီမြို့ခံများ စစ်ဘေးရှောင်လာသဖြင့် မဲဆောက်တွင် အိမ်ငှားခ ဈေးတက်
မင်းညို
·
April 15, 2024
MaeSot 1_15042024
MaeSot_15042024

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ  မြန်မာနိုင်ငံ မြဝတီဘက်က တိုက်ပွဲရှောင်လာသူတွေ ထောင်ချီ ရောက်လာတာကြောင့် အိမ်ငှားခ ဈေးနှုန်းတွေ မြင့်တက်သွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။    

အရင်နွေဦးတော်လှန်ရေး အစကတည်းက ရောက်လာသူတွေ၊ ပြီးခဲ့တဲ့လက အာဏာစတင်သက်ဝင်ခဲ့တဲ့ စစ်မှုထမ်းဥပဒေကြောင့် ထပ်မံရောက်ရှိလာသူတွေအပြင် လတ်တလော မြဝတီမြို့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သားတွေ ကြောင့် မဲဆောက်မြို့မှာ အိမ်ငှားလိုသူတွေ များလာပြီး ဈေးတက်သွားသလို အိမ်တွေငှားရ ခက်ခဲတဲ့အထိ ဖြစ်သွားပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အဝေးရောက်ဧရာ၀တီအသင်း အတွင်းရေးမှူး ကိုဖိုးသင်္ကြန်က  “လတ်တလောမှာ လူ ၃၀၀ ကျော်ကို အချိန်အကန့်အသတ်နဲ့ နေစရာ  Safe House တွေ ရိက္ခာတွေ စီစဉ်ပေးထားပါတယ်။ အခုရက်ပိုင်း ထပ်ရောက်လာတဲ့သူတွေအတွက် အရေးပေါ် အိမ်တွေ လိုက်ငှားရာမှာ ဈေးက ထက်ဝက်လောက်တက်သွားတဲ့အပြင် အရင်တုန်းက လူမနေနိုင်တဲ့ ဂိုဒေါင်တွေနဲ့  မီးမရှိ ရေမရတဲ့ နေရာတွေမှာပါ ဖြစ်သလိုနေနေကြရတယ်”လို့ ပြောပါတယ်။

စစ်ဘေးရှောင်လာသူတွေထဲမှာ ငွေကြေးတတ်နိုင်သူတွေကတော့ မဲဆောက်မြို့ရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ ခိုလှုံနေကြသူတွေ ရှိသလို ဆွေမျိုးမိတ်ဆွေတွေထံမှာ နေထိုင်ကြသူတွေနဲ့ အိမ်ငှားနေထိုင်ကြသူတွေလည်း ရှိနေကြတာပါ။ 

အဲ့ဒီလိုအိမ်ငှားခတွေ ဈေးတက်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး တချို့တွေက ပွဲစားလုပ် အခကြေးငွေယူပြီး လုပ်ပေးသူတွေလည်း ရှိနေပါတယ်။

ထိုင်းအစိုးရကလည်း မြန်မာစစ်ဘေးရှောင် ၁ သိန်းလောက်ကို  လက်ခံဖို့ တာ့ခရိုင်ထဲမှာ နေရာ ၁၂၃ နေရာ ပြင်ဆင်ထားပြီး မဲဆောက်ဒေသထဲက ဘုန်းကြီးကျောင်းတွေမှာလည်း ထားရှိဖို့ စီစဉ်ထားပေမဲ့  အခုထိတော့ မရောက်လာကြသေးပါဘူး။ 

မြဝတီမှာတိုက်ပွဲမဖြစ်ခင်က ပုံမှန် ထိုင်း-မြန်မာချစ်ကြည်ရေးတံတား  အမှတ်(၁)  ပေါ်ကနေ ကူးလာတဲ့ မြန်မာနိုင်ငံသားတွေ တနေ့ကို ၁၅၀၀ လောက်ရှိရာကနေ   ဧပြီ ၁၁ ရက်ကတော့ တရက်တည်း  လူ ၄၀၀၀ လောက် စံချိန်တင်ကူးလာခဲ့ပါတယ်။

လတ်တလောမှာတော့ မြဝတီမြို့စောင့်တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းဘက် ပြေးချင်ရင် လက်နက်ချ၊ အရပ်ဝတ်လဲမှ ပေးဝင်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောထားပြီး ဧပြီ ၁၂ ရက်အထိ ဝင်ရောက်ခွင့် တောင်းဆိုတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

မဲဆောက်မြို့မှာ နွေဦးတော်လှန်ရေးအစကနေ လက်ရှိအချိန်အထိ ရောက်ရှိပြီးသား စစ်ဘေးရှောင် ၇၀,၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့  အဝေးရောက် ဧရာ၀တီအသင်းရဲ့ စာရင်းအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013