ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သရက်ကုန်းရွာရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို ဧပြီ ၁၅ ရက်မနက်မှာ မန္တလေးပြည်သူ့ကာကွယ် ရေးတပ် (MDY-PDF) နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာက တိုက်ပွဲပြင်းထန် ပြီး ဒေသခံအချို့ သေဆုံး၊ ဒဏ်ရာရခဲ့သလို နေအိမ်တွေလည်း မီးလောင်နေတယ်လို့ သိရပါတယ်။
ဒေသခံ မိန်းကလေးတဦးက "မနက်က တယောက်သေသွားတယ်။ ပေါင်ပြတ်တဲ့သူကပြတ်၊ ဒဏ်ရာရသူတွေရောပဲ။ ဘယ်နှယောက် ထိခိုက်ဒဏ်ရာရလည်း တိတိကျကျတော့ မသိရဘူး။ နေ့လယ်ပိုင်းက ဦးဇင်း တပါးလည်း ထိခိုက်ပြီး ပျံလွန်တော်မူသွားတယ်" လို့ ပြောပါတယ်။
ရွာထဲမှာ စစ်ကောင်စီတွေ တပ်စွဲထားတာ ၅ လ လောက်ရှိပြီဖြစ်ပြီး ဒီနေ့ မနက် အစောပိုင်းကမှ ရုတ်တရက် တိုက်ပွဲဖြစ်လာလို့ ရွာခံ ပြည်သူတွေ ခြေဦးတည့်ရာ ဘေးလွတ်ရာ အနီးနားရွာတွေဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သူက ပြောပါတယ်။
"စစ်ပွဲကြားထဲကနေ အဝတ်တထည် ကိုယ်တခုနဲ့ လွတ်အောင် ခွေးပြေးဝက်ပြေးပြေးခဲ့ရတယ်" လို့ ဒေသခံတဦး နောက်တဦးက ပြောပါတယ်။
နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲနေတာကြောင့် ရွာမှာ မီးလောင်နေတယ်လို့ ဆိုပါတယ်။
"ညီမလေးတို့ အိမ်လည်း မရှိတော့ဘူး။ နေ့လယ်က လေယဉ်နဲ့ လာပစ်ပြီးနောက် အခု တိုက်ပွဲ ငြိမ်နေတယ်။ ဘယ်နှကြိမ် လာပစ်သွားလည်း မသိဘူး။ ရွာက အခြေအနေလည်း အသေးစိတ် ဘာမှမသိရသေးဘူး။ ရွာခံတွေ အများစုက ဘေးကင်းရာရောက်ပြီ။ ရွာထဲမှာ ဘယ်သူတွေ ကျန်ခဲ့လဲ မသိရသေးတာ" လို့ ဒေသခံ မိန်းကလေးက ရှင်းပြပါတယ်။
မနက်ပိုင်းမှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ရွာခံ ပြည်သူတချို့ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေ ရှိပေမဲ့ အချင်းချင်း အဆက်အသွယ်မမိတော့ အသေးစိတ် မသိသေးဘူးလို့ ဆိုပါတယ်။