Home
မြန်မာသတင်း
ပြင်ဦးလွင် စစ်တက္ကသိုလ် တိုက်ခိုက်ခံရပြီးနောက်  သင်္ကြန်အလည်လာသူများ မြို့မှ ထွက်ခွာ
DVB
·
April 15, 2024
PyinOoLwinDSA-1042024

မန္တလေးတိုင်းက စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တွေအခြေစိုက်ရာ ပြင်ဦးလွင်မြို့မှာ ဧပြီ ၁၄ ရက် ညက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အရပ်သား  သေဆုံးသူတွေ ရှိခဲ့သလို သင်္ကြန်အလည်လာသူတွေလည်း မြို့ကနေ ပြန်ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဧပြီ ၁၄ ရက် ည ၉ နာရီကျော်လောက်မှာ ပြင်ဦးလွင်က စစ်တက္ကသိုလ် သင်တန်းကျောင်းတွေရှိရာ နေရာဘက်ကို ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲသံ အချက် ၃၀ နီးပါး ကြားရပြီး စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်သံတွေလည်း ကြားရတယ်လို့ ပြင်ဦးလွင်မြို့ခံတယောက်က DVB ကို ပြောပါတယ်။

သင်္ကြန်ကာလ ပြင်ဦးလွင်ကို အလည်လာကြတဲ့သူ အများအပြားလည်း ဒီမနက်မှာ နေရပ်ပြန်ကုန်ကြပြီလို့ သိရပါတယ်။

ညက ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဧပြီ ၁၅ ရက် မနက်ပိုင်းကစကာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာတွေ ကြားရတယ်လို့လည်း တခြား ပြင်ဦးလွင် ဒေသခံတဦးက ပြောပါတယ်။

“ညက ၉ နာရီ ၁၇ လောက်က စပစ်တာ။ အသံကြားရတာ အချက် ၂၀/၃၀ လောက်ရှိတယ်။ စစ်တက္ကသိုလ်ဘက်က သေနတ်နဲ့ ပြန်ပစ်သံတွေ ကြားရတယ်။ အရပ်သားတွေ အိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်တာရှိတယ်။ ဘုန်းကြီး ၂ ပါး ပျံလွန်တော်မူပြီး  လူတယောက်သေတယ်။ ဒီမနက်ပိုင်းမှာ စစ်တာဆေးတာတော့ မတွေ့ရဘူး။ အပြင်မြို့က အလည်လာတဲ့သူတွေက အကုန်ပြန်ပြေးကုန်ပြီ။ မနေ့ကဆို မနက်ပိုင်းမှာ လူတွေ အများကြီးပဲ၊ အခုမနက်ကျ ကားလေးငါးစီးပဲ တွေ့ရတယ်။ မြို့ကသူတွေပဲ ရှိတော့တယ်။”

အခုတိုက်ခိုက်မှုတွေ ဖြစ်ချိန်ဟာ ပြင်ဦးလွင်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်နေတယ်လို့ သတင်းတွေ ထွက်နေချိန်လည်း ဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်တော်လှန်ရေးအဖွဲ့က လုပ်ဆောင်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်တက္ကသိုလ်ဝင်းထဲကို ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ပေါက်ကွဲတယ်လို့ သိရကြောင်း၊ စစ်တပ်ရဲ့ အကြီးဆုံးတပ်မြို့အထိ တော်လှန်ရေးဘက်က စိုးမိုးထားနိုင်ပြီလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ပြင်ဦးလွင်ဆိုတာ အကြီးဆုံးတပ်မြို့ထဲမှာ ပါတယ်။ ဒီနေရာမှာတင်ပဲ စစ်ကောင်စီအတွက် လုံခြုံရေးစည်း ကျိုးပေါက်နေပြီ။ နယ်မြေစိုးမိုးမှုမှာလည်း သူတို့ရဲ့စခန်းတွေ ဌာနချုပ်တွေပဲ ကွက်ကွက်လေး ကျန်တော့တယ်။ တပ်ပြင်ထွက်ပြီဆိုတာနဲ့ သူတို့ရဲ့ စိုးမိုးမှုဧရိယာ မရှိတော့ဘူး။ လုံလောက်တဲ့ အစောင့်အရှောက်ပါမှ သွားလာရဲတော့တယ်။ ကျနော်တို့တွေ မြို့ပြအထိ စိုးမိုးထားနိုင်ပြီလို့ ပြောလို့ရပါတယ်။”

၂၀၂၄ ခုနှစ်ထဲမှာ အားကောင်းလာတဲ့ တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်မှုတွေ လုပ်လာနိုင်ပြီး ဧပြီ ၄ ရက်မှာ နေပြည်တော်က စစ်ရုံးချုပ်၊ ​​လေတပ်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ပြင်ဦးလွင်က စစ်တက္ကသိုလ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံထားရပြီး အဲဒီဖြစ်စဉ်မှာတော့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သီဟ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024