ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲကို စစ်ကောင်စီလေတပ်က ဧပြီ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်လေယာဉ်နဲ့ လာရောက် ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ သူဌေးတိုက်နယ်၊ ပြင်ယောင်းရွားနားကို မွန်းလွဲ ၁၂ နာရီခွဲလောက်က ဗုံး ၁၆ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့တာပါ။
သံတွဲဒေသခံတယောက်က “မြို့ပေါ်က ကြားကတယ်။ မိုးခြိမ်းသလိုပဲ။ ဘယ်ကနေ ပစ်တာလဲတော့ မသိဘူး။ ၈ ကြိမ် ကြားရတယ်။ မြို့ပေါ်မှာတော့ သင်္ကြန်တွင်းဆိုတော့ လူသွားလူလာလည်း သိပ်မရှိပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေကလည်း သံတွဲကမ်းခြေတလျှောက်မှာရှိနေတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့သေးတယ်လို့ သူက ပြောပါတယ်။
ပြင်ယောင်းရွာ ဒေသခံတယောက်က “လေယာဉ်က တခါကြဲရင် ၂ လုံးနဲ့ ၈ ကြိမ်ဝဲပြီး ကြဲသွားတယ်။ ဒီဘက်မှာ တကြိမ်ဗုံးချပြီးရင် (တောင်ကုတ်မြို့နယ်) ဒေါ်မြရွာဘက်ကို သွားတယ်။ အဲဘက်မှာတော့ တကြိမ်ကြဲတယ်လို့ ထင်တယ်။ လှမ်းမြင်နေရပေမဲ့ လေယာဉ်က တစင်းလား နှစ်စင်းလားတော့ သေချာမသိဘူး။ ပတ်ဝဲပြီး ကြဲတာဆိုတော့။ မြောင်ကြီးနဲ့ ပေါက်တောတောင်ဘက်ကို ကျကွဲတယ်။ လူအထိအခိုက်ကတော့ မသိရသေးဘူး။ အဲနားမှာက လယ်တဲတွေလောက်ပဲ ရှိတယ်။ တဲ ၂ တဲ မီးလောင်သွားတယ်" လို့ ပြောပါတယ်။
ဒီနေ့ အဲဒီဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးလာကြဲသွားတာဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) တပ်တွေ ရှိတယ်လို့ ယူဆတာကြောင့် အခုလို ပစ်တာဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကလည်း အခု ဗုံးကြဲတဲ့နေရာဝန်းကျင်မှာ သေနတ်ပစ်ခတ်တာတွေ ဖြစ်ခဲ့သေးပြီး တိုက်ပွဲဟုတ်၊ မဟုတ်ကိုတော့ AA ဘက်ကရော စစ်ကောင်စီဘက်ကပါ ထုတ်ပြန်ထားတာ မရှိပါဘူး။