Home
မြန်မာသတင်း
အရာတော်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်
DVB
·
April 15, 2024
Ah-Yar-Taw

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာ၊ ညောင်ပင်ရွာနဲ့ ကန်ရင်းရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၁၃ ရက် ညနေ ၄ နာရီက  လေယာဉ် ၃ စီးနဲ့ ပစ်ခတ်ပြီး မြေပြင်ကပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါကျေးရွာ ၃ ရွာကို စစ်ကောင်စီက Mi35 နဲ့ ကနဦး စပစ်ခတ်ပြီး ရိုးရိုးဂျက်လေယာဉ် ၂ စီးက မြေပြင်ကို စစ်သားတွေချကာ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

ဒေသခံ ကိုဘီဒိုက “ဘာသတင်းရလို့လဲတော့ မသိဘူး။ လေယာဉ်နဲ့ ရုတ်တရက်ကြီးကို လာပစ်တာ။ ပထမဆုံး Mi35 က မလဲသာရွာ၊ ကန်ရင်းရွာ၊‌ ညောင်ပင်ရွာတွေအနီးကို ပတ်ပစ်တယ်။ ခဏနေကြတော့ အရာတော် စစ်လေ့ကျင့်ရေး ၁၀ နဲ့ ၅၀၀၄ အမြောက်တပ်ကနေ စစ်သားတွေကို ရိုးရိုးဂျက်လေယာဉ် ခေါ်လာပြီး မလဲသာရွာထဲကို ချတယ်။ အဲလို စစ်တပ်က လေယာဉ်နဲ့ပစ်လို့ ရွာထဲက အထိအခိုက် အပျက်အစီးကတော့ ဘာမှမသိရသေးဘူး။ အခုထိလည်း စစ်တပ်က မထွက်သေးဘူး။ ဒီနေ့ ဧပြီ ၁၄ ရက်နေ့အထိ စစ်သားတွေက ကန်ရင်းရွာမှာ တဖွဲ့၊ မလဲသာရွာမှာ တဖွဲ့ စုစုပေါင်း ၂ ဖွဲ့ခွဲထားတယ်” လို့ ပြောပါတယ်။

လက်ရှိ ဧပြီ ၁၄ ရက်‌အထိ စစ်တပ်က ကျေးရွာအတွင်းက မထွက်သေးတာကြောင့် မလဲသာ၊ ကန်ရင်း၊ ညောင်ပင်ရွာ စတဲ့ ကျေးရွာက ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်တပ်က လေယာဉ်နဲ့ပစ်ခတ်လို့ ပြည်သူတဦး‌ သေဆုံးပြီး မြေပြင်မှာလည်း စစ်ကြောင်းထိုး‌နေလို့ မလဲသာရွာက ပြည်သူအများအပြား စစ်တပ်က ဖမ်းဆီးထားခံရတယ်လို့ ဒေသခံတွေကပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါ မလဲသာ၊ ကန်ရင်း၊ ညောင်ပင်ရွာတွေကို ၂၀၂၃ ဇူလိုင် ၁၁ ရက်ကလည်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ရွာကိုမီးရှို့တာကြောင့် မလဲသာရွာက နေအိမ် ၃၀ ကျော်၊ ညောင်ပင်ရွာက နေအိမ် ၁၅ လုံးနဲ့ ကန်ရင်းရွာက နေအိမ် ၄၀ နီးပါး ပျက်စီးခဲ့ပါတယ်။

အဲဒီရွာတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ မလဲသာရွာက နေအိမ်၊ တိုက်နယ်ဆေးရုံနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013