အစ္စရေးကို မတိုက်မခိုက်မီ အိမ်နီးချင်းနိုင်ငံတွေနဲ့ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ကို ၇၂ နာရီ ကြိုတင်သတိပေးခဲ့တယ်လို့ အီရန်ဘက်က ထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မှန်ကန်တယ်လို့ တူရကီ၊ ဂျော်ဒန်နဲ့ အီရတ် အာဏာပိုင်တွေက မတ် ၁၅ ရက်မှာ အတည်ပြုပါတယ်။ အမေရိကန်ကတော့ အီရန်ဟာ ကြိုအသိပေးခဲ့တာမရှိဘဲ တိုက်မှသာ အကြောင်းကြားတာဖြစ်ပြီး အကြီးအကျယ်ပျက်စီးအောင် ရည်ရွယ်ခဲ့တာလို့ စွပ်စွဲလိုက်ပါတယ်။
ဆီးရီးယားမှာရှိတဲ့ အီရန်သံရုံးဝင်းထဲက ကောင်စစ်ဝန်ရုံး အဆောက်အအုံကို အစ္စရေးက တိုက်ခိုက်ခဲ့တယ်လို့ ယူဆတဲ့အတွက် အစ္စရေးမြေပေါ်ကို အီရန်က လက်တုံ့ပြန် တိုက်ခဲ့တာ ဖြစ်ပါတယ်။
လူမဲ့လေယာဉ်နဲ့ ဒရုန်းအစင်း ၃၀၀ ကျော်လောက်နဲ့ တိုက်ခိုက်ခဲ့ပေမဲ့ အားလုံးနီးပါးကို အစ္စရေးက ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိန်းကလေးတဦးသာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။
ဧပြီ ၁၅ ရက်မှာ အစ္စရေးစစ်တပ်က လေတပ်စခန်းမှာ အီရန်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေဆိုပြီး ဗီဒီယိုဖိုင်တခု ထုတ်ပြန်ပေးခဲ့ပါတယ်။
အဲဒီဗီဒီယိုမှာတော့ မြေပေါ်မှာနဲ့ လမ်းမှာ ကျင်းပေါက်ဖြစ်သွားတာလိုမျိုးကလွဲရင် ဘာမှ အကြီးအကျယ် ပျက်စီးတာမျိုး မတွေ့ရပါဘူး။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရာဘဒူလာဟိန်က အိမ်နီးချင်းတွေနဲ့ အမေရိကန်ကို ၇၂ နာရီ ကြိုအသိပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
တူရကီနိုင်ငံခြားရးဝန်ကြီးဌာနကလည်း အမေရိကန်နဲ့ အီရန် နှစ်ဖက်စလုံးနဲ့ တိုက်ခိုက်မှုမစမီ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရဘက်ကတော့ ၇၂ နာရီ ကြိုပြောတယ်ဆိုတာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
စတိုက်နေတဲ့အချိန်မှ ဆွစ်ဇာလန်ကတဆင့် အသိပေးတာဖြစ်ပြီး အထိအခိုက် အပျက်အစီး များစေချင်တဲ့ပုံစံမျိုးလို့ အမေရိကန် တာဝန်ရှိသူတဦးက ရိုက်တာကို ပြောပါတယ်။
Source/Photo-Reuters