ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံအဖွဲ့ (G7) ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အီတလီဟာ ဧပြီ ၁၄ ရက်က အစ္စရေးနိုင်ငံအပေါ် အီရန်ရဲ့တိုက်ခိုက်မှုကို ဆွေးနွေးဖို့ ဗီဒီယိုအစည်းအဝေးတရပ် ကျင်းပခဲ့တယ်လို့ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီရဲ့ရုံးက ပြောပါတယ်။
ဧပြီ ၁ ရက်က ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်ရှိ အီရန်သံရုံးဝင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က တိုက်ခိုက်ခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ ဒေသတွင်းပဋိပက္ခ ပိုမိုကျယ်ပြန့်လာမယ့် ခြိမ်းခြောက်မှုတွေ မြင့်တက်လာစေနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
မောင်းသူမဲ့လေယာဉ်၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုအပေါ် G7 က ညှိနှိုင်းပြီး သံတမန်ရေးအရ တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့ပါတယ်။
အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျနီက အစ္စရေးအစိုးရအနေနဲ့ တုံ့ပြန်မှုမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြောင်း ပြသနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters