Home
မြန်မာသတင်း
စစ်တွေတွင် စစ်တပ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရ
DVB
·
April 15, 2024
Sittway-1

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ စစ်ကောင်စီက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တာကြောင့် မွတ်စလင်ဒုက္ခသည် ကလေးငယ် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုန်းတောကြီးမြောက် အကွက် ၁ မှာ စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရပြီး ထွက်ပြေးနေသူ တယောက်ကို ဧပြီ ၁၃ ရက်နေ့က လာရောက်ဖမ်းဆီးချိန်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ မွတ်စလင် ဒုက္ခသည်တယောက်က “သူက ဟိုးအရင်က အရန်မီးသတ်မှာပါတယ်။ သူတို့က လစဉ် ဆန်ရတယ်။ ဟိုတလောက စစ်သားစုဆောင်းတော့ အရန်မီးသတ်တွေကိုခေါ်ပြီး မင်းတို့က နိုင်ငံတော်က ရိက္ခာကို စားနေတာ။ စစ်မှုထမ်းရမယ်ဆိုပြီး သင်တန်းတက်ခိုင်းတယ်။ ပြီးတော့ တိုက်ပွဲဆီကို သွားရတော့မယ်ဆိုတော့ သူက ထွက်ပြေးသွားတယ်။ အဲဒါကြောင့် သူ့ကို ဝရမ်းပြေးဆိုပြီး ပစ်မိန့်လည်းပေးထားတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

အဲဒီအမျိုးသားဟာ အသက် ၃၆ နှစ်ဝန်းကျင်ဖြစ်ပြီး သူနဲ့အတူ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၅၀ လောက်လည်း စစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က စစ်တွေမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းနဲ့ ရွာတွေက ရိုဟင်ဂျာအမျိုးသား အယောက် ၃၀၀ ကို စစ်ကောင်စီက ခေါ်သွားပြီးနောက် စစ်သင်တန်း ၂ ပတ်ပေးခဲ့ပြီး မတ် ၄ ရက်နေ့မှာ ဒုတိယအသုတ်အဖြစ် အယောက် ၃၀၀ ထပ်ခေါ်ပြီး သင်တန်းပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ မွတ်စလင်တယောက်က “မနေ့ကတော့ အီးဒ်(မွတ်စလင်တွေရဲ့ ဝါကျွတ်ပွဲတော်) ဖြစ်လို့ သူက အိမ်ကိုပြန်လာတယ်။ အဲဒါ သူတို့(စစ်တပ်က)သတင်းရပြီး လိုက်လာကြတာ။ ည ၈ နာရီခွဲလောက်မှာ သူ့အိမ်ရှေ့ကိုလာပြီး လက်ပစ်ဗုံးနဲ့ပစ်တယ်။ သူက အိမ်မှာ ရှိ၊ မရှိတော့ မသိဘူး။ သူတို့ ပြောတာကတော့ ထွက်ပြေးလို့ ပစ်တယ်ပြောတယ်။ ဗုံးက အိမ်ရှေ့က ကွက်လပ်မှာကျပြီး အနားက ကလေး ၂ ယောက်ထိသွားတာ။ မိန်းကလေးတယောက်နဲ့ ယောကျ်ားလေးတယောက်။ အသက်က ၁၃ နှစ်၊ ၁၄ နှစ်အရွယ်တွေ” လို့ ပြောပါတယ်။

ဗုံးစတွေ ထိမှန်ပြီး ကလေးတွေရဲ့ နောက်ကျောနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ညကတော့ ဆေးကုဖို့အဆင်မပြေဘဲ ဒီမနက်မှာတော့ ရဲနဲ့စစ်သားတွေရောက်လာပြီး ကလေး ၂ ယောက်ကို ကုသပေးဖို့ ခေါ်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ်ကနေ ပြည်သူ့စစ်အဖြစ်ခေါ်ခဲ့တဲ့ မွတ်စလင်တွေထဲက အယောက် ၁၀၀ ကို ပြီးခဲ့တဲ့ မတ်လက အေအေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ရသေ့တောင်ကို ပို့ရာမှာ တချို့သေဆုံး၊ အများအပြား ဒဏ်ရာရတာကြောင့် သင်တန်းဆင်းထားတဲ့ တခြားသူတွေလည်း ထွက်ပြေးကုန်ကြပြီး စစ်ကောင်စီတပ်က မတ် ၁၄ ရက်က စလို့ မွတ်စလင်ရွာတွေက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို စစ်မှုထမ်းဖို့ ခေါ်တာမရှိသေးဘဲ ရွာမှာ နေထိုင်သူတွေကိုပဲ ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013