Home
မြန်မာသတင်း
မန္တလေး မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး မိုင်းပေါက်ကွဲမှု ၁၂ ဦးဒဏ်ရာရ
DVB
·
April 15, 2024
MandalayBlast01_15042024

မန္တလေး မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဧပြီ ၁၄ ရက် မနက်က ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှုမှာ ကလေးငယ် ၅ ဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

သင်္ကြန်အကျနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်လောက်က ချမ်းအေးသာစံမြို့နယ်၊ ၇၁ လမ်း၊ ၂၇ လမ်းထောင့်နဲ့ ၇၁ လမ်း၊ ၂၈ လမ်းထောင့်ရှိ မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက်ရှိ မော်တော်ဆိုင်ကယ်ရပ်နားဆောင်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစီးရဲ့ အိတ်ဇောအတွင်းမှ လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေသခံပြည်သူ ၁၂ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သက်သေတစုံတရာ ပြနိုင်ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို စွပ်စွဲ အပြစ်တင်ထားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီနှစ်သစ်ကူးပွဲဆိုတာ ကျနော်တို့ ကမ္ဘာ့နိုင်ငံတိုင်းမှာရှိတဲ့ လူအားလုံးနဲ့ သက်ဆိုင်တဲ့ သက်ဆိုင်ရာနှစ်သစ်ကူးပွဲတွေပဲ ဖြစ်ပါတယ်။ ဒါသည် အစိုးရ တရပ်တည်းနဲ့ သက်ဆိုင်တဲ့ပွဲ မဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သား အားလုံးနဲ့ သက်ဆိုင်တဲ့ပွဲ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒါသည် တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ တောထဲမှာရောက်နေတဲ့ NUG, PDF ဆိုတဲ့ သူတွေနဲ့ပါ သက်ဆိုင်တဲ့ပွဲ ဖြစ်ပါတယ်။ ဒီလိုပွဲမျိုးမှာ အကြမ်းဖက်လုပ်ရပ်တွေကို NUG, PDF အမည်ခံ အကြမ်းဖက်သမားတွေသည် လုပ်ဆောင်ခဲ့တာကို ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး PDF အဖွဲ့တွေဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိပါဘူး။

မြို့ပြပြောက်ကျားတပ်တွေနဲ့ PDF အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ဆိုင်တဲ့ ပစ်မှတ်တွေကိုသာ ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်လေ့ရှိပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ အရင်က ထုတ်ပြန်ထားခဲ့ဖူးပါတယ်။

သင်္ကြန်မဏ္ဍပ်တွေမှာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်ထက်တင်မက အရင် စစ်အစိုးရ လက်ထက်တွေတုန်းကလည်း ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတာ ဖြစ်ပြီး တရားခံအစစ်အမှန်တွေကိုတော့ တကြိမ်တခါမှ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo-DSINFO

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013