အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက မြေပြိုမှုအတွင်း လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက ဧပြီ ၁၄ ရက်မှာ ပြောပါတယ်။
မိုးသည်းလို့ တောင်ဆူလာဝေစီပြည်နယ် တာနာ တိုရာဂျာ ဒေသက ရွာ ၂ ရွာမှာ မြေပြိုခဲ့တဲ့ အတွက် နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ်ဒူလ် မူဟာရီ က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စာရင်းမရှိသူ ဘယ်လောက်ရှိနိုင်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။ ပျောက်ဆုံးနေသူတွေကို ဆက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေဆဲဖြစ်ပြီး လူ ၂ ဦးထက်မနည်း ပျောက်နေတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။
ဆူလာဝေစီကျွန်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ တာနာတိုရာဂျာ တောင်တန်းဒေသဟာ ပြည်နယ်ရဲ့ မြို့တော် မာကက်ဆာကနေ ၁၈၆ မိုင်အကွာမှာ ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှာ ပြီးခဲ့တဲ့လက မိုးသည်းသည်းထန်ထန်ရွာခဲ့လို့ ရေကြီးမြေပြိုတာတွေ ဖြစ်ခဲ့တဲ့အတွက် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ရာချီတဲ့အိုးအိမ်တွေ ပျက်စီးခဲ့ပြီး ထောင်ချီတဲ့ မိသားစုတွေ အိုးအိမ်မဲ့ခဲ့ရပါတယ်။
အင်ဒိုနီးရှားမှာ မိုးရာသီက ဇန်နဝါရီလမှာ စတင်ခဲ့ပြီး အထူးသဖြင့် ဂျာဗားနဲ့ ဆူမာတြားကျွန်းတွေမှာ ဒီနှစ်ရဲ့ ပထမသုံးလပတ်အတွင်း အမြင့်ဆုံးမိုးရေချိန်အဖြစ် မိုးလေဝသအေဂျင်စီက ထုတ်ပြန်ပါတယ်။
Source/Photo-Reuters