မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရာနာကျေးရွာအဝင်မှာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့က စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပြီး ဒါယကာတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးဝါယမဟာ နေ့ဆွမ်းဘုန်းပြီး ဒကာတဦးနဲ့အတူ ကျိုက်မရောမြို့မှာ ပစ္စည်းသွားတက်ဝယ်စဉ် ဧပြီ ၁၄ ရက် မွန်းတည့် ၁၂ နာရီလောက်က တရာနာရွာအဝင် နတ်စင်ကျွန်းလမ်းလေးခွမှာ စစ်ကောင်စီတပ်သားတွေက ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်ခဲ့ပါတယ်။
ဆရာတော်က မပစ်ဖို့ ကားအောက်ဆင်းပြီး ပြောတဲ့အချိန် စစ်ကောင်စီတပ်သားတွေက ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဆရာတော် ကျည်ထိမှန်ခဲ့ပြီး တရာနာရွာဆေးရုံ ပို့ဆောင်ခဲ့ပေမဲ့ ပျံလွန်တော်မူခဲ့ပါတယ်။
တရာနာရွာခံတဦးက “ဆရာတော်က နေ့ဆွမ်းစားပြီး မြို့ပေါ်တက် ဈေးဝယ်တဲ့အချိန် တရာနာရွာအဝင်မှာ ပစ်တာ။ ဆရာတော်က မပစ်ဖို့ ကားပေါ်က ဆင်းပြောတာ ထပ်ပစ်လိုက်တာ။ ဒကာကတော့ မဆင်းဘူး။ အင်ကစင်ဆရာတော်က လာကြိုလို့ ဆေးရုံပို့ပေမဲ့ ဆေးရုံအရောက်မှာပဲ ပျံလွန်တော်မူခဲ့တယ်” လို့ ပြောပါတယ်။
ဆရာတော်ဝါယမရဲ့ ခန္ဓာတော်မှ သွေးတအားထွက်နေတာကြောင့် ဧပြီ ၁၄ ရက် ညနေပိုင်းမှာပဲ အလှပ်ကုန်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကော့ဘိန်းနယ်မြေ ရဲစခန်းကို တိုက်ခိုက် သိမ်းပြီးတဲ့နောက် စစ်ကောင်စီက တရနာရွာအဝင် ကျွန်းကုန်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ဖြတ်သန်းသွားလာတဲ့သူတွေကို ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။