Home
မြန်မာသတင်း
မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦး ပြန်လွတ်
DVB
·
April 15, 2024
DrAungNaingOo_15042024

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း  ဒေါက်တာအောင်နိုင်ဦး ဧပြီ ၁၅ ရက် ‌ဒီနေ့မနက်အစောပိုင်းမှာ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက စစ်ရှောင်တွေကို စားနပ်ရိက္ခာ  ဆေးဝါးနဲ့ ငွေကြေး ကူညီဖို့သွားနေတဲ့ ဒေါက်တာအောင်နိုင်ဦးကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ  စစ်ကောင်စီတပ်က မော်လမြိုင်စက်မှုဇုန်မှာ ကားရပ်ခိုင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက ဒေါက်တာအောင်နိုင်ဦးကို ဒိုင်းဝန်းကွင်းမြို့မရဲစခန်းမှာ စစ်ဆေးပြီးနောက် ဧပြီ ၁၅ ရက် မနက်အစောပိုင်းမှာ ပြန်လွတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒေါက်တာအောင်နိုင်ဦးကို တော်လှန်ရေးအဖွဲ့တွေကို ကူညီပေးတာရှိမရှိနဲ့ ပတ်သက်ပြီး စစ်ဆေးတယ်လို့ ကျနော်တို့ သိထားတယ်။ သူ့ကိုဖမ်းသွားတယ်ဆိုပေမဲ့ အချုပ်ချမထားပဲ ကောင်းကောင်းမွန်မွန်ထားတာပါ။ သူက နိုင်ငံရေးသမားဆိုပေမဲ့ အာဏာသိမ်းပြီးကတည်းက အမျိုးသားရေးနဲ့ ပရဟိတတွေပဲ လုပ်တော့တာပါ။ သူ လွတ်သွားတဲ့အတွက် ဝမ်းသာပါတယ်။"

သက်ဆိုင်ရာရဲ့ စစ်ဆေးမှုကို ကောင်းစွာခံယူပြီးတဲ့နောက် အပြစ်မရှိတဲ့အတွက် ဒီနေ့မနက်အိမ်ကို ပြန်ခွင့်ရခဲ့ပါတယ်လို့  ဒေါက်တာအောင်နိုင်ဦးကလည်း သူ့ရဲ့လူမှုကွန်ရက်မှာ  ရေးထားပါတယ်။

ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ တို့မှာ ချောင်းဆုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် ၁ မှာ မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ ကြိမ်လုံး အ‌နိုင်ရရှိခဲ့ကာ NLD အစိုးရ လက်ထက်မှာ  မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

မွန်ညီညွတ်ရေးပါတီ(MUP)က စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ဒေါက်တာအောင်နိုင်ဦးဟာ MUP မှ နုတ်ထွက်ခဲ့ပြီး ပရဟိတလုပ်ငန်းတွေသာ လုပ်ကိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013